
ရန်ကုန်၊ လှိုင်မြို့နယ်မှာ အောက်တိုဘာ ၂၂ ရက် ဒီကနေ့ မနက် ၈ နာရီကျော်လောက် အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာကြောင့် ရာအိမ်မှူးနဲ့ ဇနီးဖြစ်သူအပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
အမှတ် ၂ ရပ်ကွက်၊ သီရိ ၅ လမ်းမှာ နေထိုင်တဲ့ ရာအိမ်မှူး ဦးတင်မောင်ဝင်း မိသားစုကို သေနတ်သမားတွေက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်သွားတာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"သူက ရာအိမ်မှူး၊ သူမိန်းမက ရုံးမှာအကူစာရေး၊ သူ့တူကတော့ မသိဘူး၊ သုံးဦးလုံး အပစ်ခံရပြီး သေသွားတယ်။ စစ်တပ်က ပိုပြီးစစ်ပြီလေ။ အရင်ရက်တွေကလည်း ပစ်ခတ်မှုတွေဖြစ်နေတာ ဆိုတော့။"
သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသူတွေကတော့ ရာအိမ်မှူး ဦးတင်မောင်ဝင်း၊ ဇနီး ဒေါ်တင်နုနဲ့ တူတော်စပ်သူ စန်းထက်ခေါင်တို့ ဖြစ်တယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"ရာအိမ်မှူးရယ်၊ သူမိန်းမရယ်၊ သူ့တူရယ် သေနတ်နဲ့ အပစ်ခံရတာ၊ အိမ်ထဲဝင်ပစ်တာ သုံးဦးလုံးသေတယ်။ ရန်ကုန်ဆေးရုံကြီး ပို့ထားတယ် စစ်တပ်က။”
လတ်တလောမှာ စစ်ကောင်စီတပ်တွေ သီရိ ၅ လမ်းကို ပိတ်ဆို့စစ်ဆေးနေပြီး အုပ်ချုပ်ရေးမှူးရုံး မှာလည်း တပ်စွဲထားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
လှိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဗိုလ်မှူးချုပ်အုန်းသွင် (ငြိမ်း)၊ ဗိုလ်ကြီးရဲတေဇ (ငြိမ်း)၊ ဗိုလ်ကြီးမြင့်ဆွေ၊ တပ်သားအောင် ကိုမင်း လုပ်ကြံခံရပြီးနောက်ပိုင်း လုံခြုံရေးတင်းကျပ်ထား ပါတယ်။