DVB Logo
Home
မြန်မာသတင်း
နာမည်ကြီး အဝတ်အထည်ကုမ္ပဏီများ မြန်မာမှထွက်ခွာသည့်အပေါ် အလုပ်သမားအရေး လှုပ်ရှားသူများ ကြိုဆို
DVB
·
October 21, 2022
နာမည်ကြီး အဝတ်အထည်ကုမ္ပဏီများ မြန်မာမှထွက်ခွာသည့်အပေါ်  အလုပ်သမားအရေး လှုပ်ရှားသူများ ကြိုဆို
Donate to DVB

ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ်တွေဖြစ်ကြတဲ့ ဥရောပအခြေစိုက် C&A ၊ လန်ဒန်အခြေစိုက် Tesco PLC ၊ Marks & Spencers နဲ့ အိုင်ယာလန်အခြေစိုက် Primark အဝတ်အထည် ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံက ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ခံကြိုဆိုလိုက်ပါတယ်။ 

လန်ဒန်အခြေစိုက် Marks & Spencers ကုမ္ပဏီက တာဝန်သိမှုဆိုင်ရာ အကဲဖြတ် စိစစ်တွေ့ရှိချက်တွေအရ မိမိတို့ သတ်မှတ်ထားတဲ့ အခြေခံ စံသတ်မှတ်ချက်တွေနဲ့အညီ မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်ဖို့က မဖြစ်နိုင်တော့တဲ့ အကြောင်း အဆိုပါကုမ္ပဏီက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ကြေညာထားတာပါ။

ထုတ်ပြန်ချက်အရ လာမယ့် ၂၀၂၃ ခုနှစ် မတ်လမှာ မိမိတို့လုပ်ငန်းကို အပြီးသတ် ရပ်ဆိုင်းဖို့ မျှော်မှန်းထားပြီး အဆိုပါကာလမတိုင်မီ မိမိတို့အပ်ထည်တွေကို ချုပ်လုပ်ပေးနေတဲ့ စက်ရုံတွေမှာ လူ့အခွင့်အရေးနဲ့ စံသတ်မှတ်ချက်တွေကို လေးစားလိုက်နာမှု ရှိ မရှိ အနီးကပ် စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေကတော့ နာမည်ကြီး အမှတ်တံဆိပ်တွေ မြန်မာပြည်က ပြန်လည်ထွက်ခွာရတဲ့ အကြောင်းရင်းဟာ သူတို့ကိုယ်တိုင် အလုပ်သမားအခွင့်အရေးတွေကို အကာအကွယ် မပေးနိုင်တော့တဲ့ အချက်က အဓိက ကျတယ်လို့ ထောက်ပြထားပါတယ်။

သမဂ္ဂခေါင်းဆောင်တဦးက “သူတို့ ထွက်သွားတယ်ဆိုတာက အလုပ်သမား အခွင့်အရေးတွေနဲ့ပတ်သက်ပြီး လေးစား လိုက်နာမှုကို သူတို့ကိုယ်တိုင် မပေးနိုင်တော့လို့ ထွက်သွားကြတာနော်။ ရှင်းရှင်းပြောရရင် သူတို့ (Brand တွေ)အပ်တဲ့ စက်ရုံတွေမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်နေတာတွေ ရှိနေတာကို သူတို့ကိုယ်တိုင် အကာအကွယ် မပေးနိုင်ဘူး။ အဲ့တော့ သူတို့ကို ထွက်သွားဖို့ ဒီဘက်က ပြောတဲ့အခါ သူတို့ ထွက်သွားကြတယ်ပေါ့။ သူတို့ အပြစ်အတွက် သူတို့ ဒဏ်ခံရတယ်လို့ပဲ ပြောချင်တယ်။ မြန်မာနိုင်ငံက အလုပ်သမားတွေက နိုင်ထက်စီးနင်းလုပ်ပြီး ထွက်သွားဖို့ ပြောခဲ့တာ မဟုတ်ဘူး။ သူတို့ ကိုယ်တိုင်က ဒီနိုင်ငံအပေါ်မှာ တာဝန်ကျေခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် တာဝန်မကျေခဲ့လို့ သူတို့ ထွက်သွားရတာ။ ဒီလိုပဲ ကျမတော့ ပြောချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းက အထည်ချုပ်လုပ်သားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ Zara နဲ့ H&M အပါအဝင် ကမ္ဘာ့နာမည်ကြီး အထည်အလိပ်လုပ်ငန်းတွေဟာ ပျက်ကွက်နေကြတယ်လို့ South China Morning Post သတင်းစာက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဖော်ထုတ်ရေးသားခဲ့တာရှိပါတယ်။ 

ဒီ့အပြင် ပြည်ပအခြေစိုက် စီးပွားရေးနှင့်လူ့အခွင့်အရေး အရင်းအမြစ်ဌာနကလည်း သူတို့နဲ့ ကာလရှည်စွာ လက်တွဲခဲ့ကြတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး  မြန်မာအထည်ချုပ်ကဏ္ဍမှ လုပ်သားပေါင်း ၆၀,၈၀၀ လောက်ရဲ့ အလုပ်သမား ရပိုင်ခွင့်နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်ပေါင်း ၁၀၄ မှု တို့အပေါ်မှာ အချက်အလက်စုဆောင်းပြီး ထုတ်ပြန်ခဲ့တာပါ။

ဒီအစီရင်ခံစာအတွက် အချက်အလက်တွေကို စုဆောင်းတဲ့နေရာမှာ အထည်ချုပ်စက်ရုံပေါင်း ၇၀ ရှိတဲ့အနက် ကမ္ဘာ့ နာမည်ကြီး ကုန်အမှတ်တံဆိပ် အထည်အလိပ်တွေကို ချုပ်လုပ်ပေးနေတဲ့ စက်ရုံပေါင်း ၃၂ ရုံမှ အချက်တွေကိုလည်း ထည့်သွင်းထားပါတယ်။

အချက်အလက်တွေကို ကောက်ယူခဲ့တဲ့ စာရင်းထဲမှာ နာမည်ကြီး  Adidas ၊ Inditex (Zara and Bershka) ၊ Fast Retailing (Uniqlo) ၊ Hennes & Mauritz (H&M) ၊ Primark စတဲ့ ကုန်အမှတ်တံဆိပ်တွေ ပါဝင်တာ တွေ့ရပါတယ်။

ဒါကြောင့် အဆိုပါအဖွဲ့မှ အဖွဲ့ခေါင်းဆောင် အလီရှာခမ်ဘေးက “နာမည်ကြီးအမှတ်တံဆိပ်တွေ နိုးကြွဖို့ လိုပါပြီ။ ပကတိအခြေအနေဟာ လက်ခံနိုင်လောက်တဲ့ လုပ်ငန်းခွင်အခြေအနေကောင်း မဟုတ်လို့ မြန်မာပြည်ကနေ ထွက်ခွာကြဖို့အတွက် မကြန့်ကြာသင့်တော့ပါ။ လုပ်ငန်းတွေ ဆက်လက်လည်ပတ်ပြီး အလုပ်သမားနဲ့ အလုပ်အကိုင်တွေအတွက် အကာအကွယ် ပေးနိုင်မယ်လို့လည်း မမျှော်လင့်ပါနဲ့။ ထပ်ခါတလဲလဲ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း နာမည်ကြီးအမှတ်တံဆိပ်တွေကို ချုပ်လုပ်ပေးနေတဲ့ တရုတ်နိုင်ငံသားပိုင် GTIG Huasheng (Myanmar) အထည်ချုပ်စက်ရုံဟာ အလုပ်သမားရပိုင်ခွင့်ကို ဖောက်ဖျက်ဖို့အတွက် လက်တလုံးခြား ဆောင်ရွက်နေတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

“အဲဒီစက်ရုံဆိုရင် PEP & CO နဲ့ Primark နာမည်ကြီး အမှတ်တံဆိပ် အထည်တွေကို ချုပ်လုပ်ပေးနေတာ။ Primark ဆိုရင် ထွက်သွားပြီဆိုတဲ့ Brand တံဆိပ်နော်။ ပြောချင်တာက ဒီနာမည်ကြီးတံဆိပ်တွေဟာ လွတ်လပ်စွာ သင်းသင်းဖွဲ့စည်းခွင့်ကို လိုက်နာပါမယ်။ မတားဆီးပါဘူး။ စက်ရုံမှာလည်း အလုပ်သမားတွေသမဂ္ဂ ဖွဲ့တာကို မကန့်ကွက်ပါဘူး။ အားပေးပါတယ်ပေါ့။ ဒါပေမဲ့ အမှန်တကယ်တော့ သူတို့ လုပ်နေတာက လက်တလုံးခြား လုပ်နေတာနော်။ ဘာလဲဆို အလုပ်သမားတွေက သူတို့ဆန္ဒနဲ့အညီ စုဖွဲ့တဲ့ သမဂ္ဂ မဟုတ်ဘူး။ သူတို့အကြိုက် ဖွဲ့စည်းထားတဲ့ အယောင်အဆောင် သမဂ္ဂနဲ့ လုပ်နေကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၁၈ လအကြာမှာတော့ မြန်မာအလုပ်သမား တသန်းကျော်ဟာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး အလုပ်အကိုင်ဆုံးရှုံးမှုနဲ့အတူ စားဝတ်နေရေး အလွန်အကျွံ ကျပ်တည်းလာတဲ့ အခြေအနေကို အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုကြုံရမယ်လို့ ILO က ခန့်မှန်းတွက်ချက်ထားပြီး အခုနှစ် သြဂုတ်လဆန်းက ထုတ်ပြန်ထားပါတယ်။

Photo- M&S

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013