
မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ မတ် ၂၉ ရက် နေ့လယ်ပိုင်းက မြို့ထဲကို လမ်းမှားဝင်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံလိုက်ရတယ်လို့ ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ဂန့်ဂေါအနောက်ဘက် အုတ်လှရွာဘက်ကနေ မြို့ထဲကို မြစ်သာမြစ် We Love တံတားကနေ ဆိုင်ကယ်နဲ့ လမ်းမှားဝင်လာတဲ့ ရဲဘော်တယောက် အဖမ်းခံရတာပါ။ ဆိုင်ကယ်နောက်က စီးလာတဲ့ ရဲဘော်ကတော့ ခုန်ဆင်းနေခဲ့လို့ လွတ်တယ်။ အသက် ၂၅ နှစ်ဝန်းကျင်ရှိတဲ့ ဆိုင်ကယ်မောင်းတဲ့ ရဲဘော်တယောက်တည်း အဖမ်းခံရတာ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အဆိုပါ တော်လှန်ရေးရဲဘော်နဲ့အတူ စီးနင်းလာတဲ့ ဆိုင်ကယ် အပါအဝင် သေနတ် ၂ လက်၊ ခဲယမ်းတချို့နဲ့ ဟန်းဖုန်းလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ် ပအဖ တာဝန်ရှိသူတယောက်က “အဲဒီ မြစ်သာတံတားဘက်မှာ စစ်တပ်က အမြဲတမ်း အထိုင်ဂိတ်လုပ်ထားတာတော့ မဟုတ်ဘူး။ မြို့ထဲကနေ တခါတရံလောက်မှ ထွက်ထွက်လာကြတာ။ အဲဒါကြောင့်လည်း ရဲဘော်တွေက ကွင်းလမ်းကို သုံးနေကြတာ။ အခုဖြစ်စဥ်က အဲဒီရဲဘော်တွေ မြို့ထဲဝင်လာတယ်ဆိုတာ စစ်တပ်ဘက်က ကြိုပြီးသတင်းရလို့ မြို့အဝင်ကနေ ရှောင်တခင် ပိတ်ပြီး ဖမ်းဆီးတဲ့သဘော ဖြစ်တယ်။ ဖမ်းဆီးခံရတဲ့ အဲဒီရဲဘော်ရဲ့ တပ်ရင်းကတော့ ဒီဘက်နယ်ကပါပဲ။ ဒါပေမဲ့ လုံခြုံရေးအရ ပြောလို့မရသေးပါဘူး” လို့ DVB ကို ပြောပါတယ်။
အဆိုပါ တော်လှန်ရေးရဲဘော် ဖမ်းဆီးခံရပြီးနောက် မတ် ၃၁ ရက် နေ့လယ်ပိုင်းမှာတော့ စစ်တပ်က မြစ်သာမြစ် အနောက်ဘက်ခြမ်းမှာ ရှိတဲ့ ကျေးရွာတွေဘက်ကို UAV ကင်းထောက်ဒရုန်းတွေနဲ့ ကင်းထောက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
မတ် ၃၁ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ ဂန့်ဂေါမြို့နယ် အနောက်တောင်ပိုင်းမှာရှိတဲ့ ဇီးပြားကျေးရွာ အနီးဝန်းကျင်ကို တံတားဦးလေတပ်ကနေ တက်လာကြတဲ့ ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံး ၃ ကြိမ် ကြဲချတာကြောင့် လူနေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာ မရှိခဲ့ပေမဲ့ ခရီးသွားပြည်သူတယောက်ကတော့ ဗုံးစထိမှန်ပြီး မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဂန့်ဂေါမြို့နယ်အတွင်းမှာ အခုရက်ပိုင်း တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့လည်း စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက် နေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန် အန္တရာယ်ကိုတော့ အထူးသတိပြု နေထိုင်သွားလာကြဖို့ ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။










