
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းဟာ စက်တင်ဘာလအတွင်း တနေ့တယောက်နှုန်းနဲ့ ကူးစက်ခံရသူ ၄၃ ယောက်အထိရှိခဲ့ပြီး အောက်တိုဘာလမှာလည်း တနေ့ ၅ ယောက်နှုန်းနဲ့ ဆက်လက်မြင့်တက်နေတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အောက်တိုဘာ ၁ ရက်ကနေ ၁၉ ရက်အထိ ထားဝယ်ခရိုင်အတွင်းက သံသယလူနာ ၁,၄၁၁ ယောက်ကို စစ်ဆေးရာ ၉၃ ယောက်မှာ ကိုဗစ်ကူးစက်ခံထားရတယ်လို့ သိရပြီး အဲဒီထဲမှာ ထားဝယ်မြို့နယ်က ၇၂ ယောက်၊ သရက်ချောင်းမြို့နယ်က ၁၇ ယောက်နဲ့ လောင်းလုံမြို့နယ်က ၄ ယောက်တို့ ဖြစ်ပါတယ်။
ကူးစက်ခံရသူတွေထဲက အောက်တိုဘာ ၄ ရက်မှာ လောင်းလုံမြို့နယ်နေ အသက် ၄ နှစ်အရွယ် ကလေး ၁ ယောက် သေဆုံးခဲ့ပြီး အောက်တိုဘာ ၂၀ ရက်မှာတော့ ထားဝယ်ဆေးရုံကြီးမှာ အသက် ၈၀ ကျော်အရွယ် အမျိုးသမီးတယောက်နဲ့ အသက် ၆၀ ကျော် အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ နာရေးကူညီမှု- ထားဝယ်ထံက သိရပါတယ်။
ထားဝယ်မြို့ ကျန်းမာရေးဦးစီဌာနနဲ့ နီးစပ်သူတဦးက “အသက် ၄ နှစ်အရွယ် သမီးလေးက ဦးနှောက်ရောင်ရောဂါနဲ့ ဆေးရုံတက်လာပြီး ကိုဗစ်စစ်ကြည့်တော့ positive တွေ့တယ်။ ရက်ပိုင်းထဲမှာပဲ ဆုံးသွားတယ်။ အခုဆုံးတာကတော့ အသက်အရွယ်အရ ကိုဗစ်ဒဏ်မခံနိုင်တဲ့ လူနာ ၂ ယောက်ပါ” လို့ ပြောပါတယ်။
ထားဝယ်ခရိုင်ထဲက ကျေးရွာတွေမှာလည်း ရာသီအကူးအပြောင်းကြောင့် အဖျားလူနာတွေ များနေတယ်လို့ ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်။