Home
မြန်မာသတင်း
အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုအတွင်း ကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင်၏ မိခင် သေဆုံး
DVB
·
October 19, 2022

ရန်ကုန်မြို့ အင်းစိန်ထောင်တွင်းမှာ အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲပြီးနောက် သေဆုံးတဲ့ အရပ်သားတွေထဲမှာ ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်ရဲ့ မိခင် ဒေါ်ကြီးမြင့်လည်း ပါဝင်တယ်လို့ နီးစပ်သူတွေက အတည်ပြုပါတယ်။

‌ေဒါ်ကြီးြမင့်ဟာ ဒီနေ့ အင်းစိန်ထောင်တွင်း တရားရုံးမှာ သားြဖစ်သူ ကိုလင်းထက်နိုင် တရားရုံးထုတ် ရှိတဲ့အတွက် သွားရောက်စဉ် ဗုံးပေါက်ကွဲ ပစ်ခတ်မှုကေြာင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတ‌ေယာက်လည်းဖြစ်တဲ့ ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်ဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ပုဒ်မ ၅၀၅(က) နဲ့ အင်းစိန်ထောင်တွင်းကနေ တရားရင်ဆိုင်နေရတာပါ။

သူဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်ပြီး ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ရဲ့ခင်ပွန်းလည်း ဖြစ်ပါတယ်။

အင်းစိန်အကျဥ်းထောင်အတွင်း ပါဆယ်လက်ခံနေတဲ့နေရာမှာ ဒီကနေ့မနက်၉ နာရီခွဲကျော်က ဗုံးနှစ်ကြိမ် ပေါက်ကွဲခဲ့လို့ ဝန်ထမ်း ၃ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထောင်နဲ့နီးစပ်သူတယောက်ကလည်း ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေအတွင်း ထောင်ဝန်ထမ်း ၃ ယောက် အပါအဝင် ၈ ယောက် သေဆုံးခဲ့ပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အင်းစိန်ထောင်တွင်း ပေါက်ကွဲမှုကြောင့် ထောင်ဝင်းအတွင်း တရားရုံးကြားနာမှုနဲ့ ထောင်ဝင်စာတွေ့ဖို့ စောင့်နေတဲ့ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်တွင်း တရားရင်ဆိုင်နေရသူတွေရဲ့ မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေလည်း သေဆုံး ထိခိုက် ဒဏ်ရာရှိမှုတွေ ရှိတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက အစောပိုင်းကတည်းက ပြောထားပါတယ်။

ဒီကနေ့မနက်ပိုင်းက အင်းစိန်ထောင်အတွင်း ပေါက်ကွဲမှုဖြစ်စဉ်အပြီး စစ်ကောင်စီတပ်သားတွေရဲ့ ရမ်းကားပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထပ်မံသေဆုံးမှုတွေရှိခဲ့ပြီး အဆိုပါဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူ ဘယ်သူ့ကိုမဆို ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချတယ်လို့ တော်လှန်ရေးအင်အားစုတွေကလည်း ထုတ်ပြန်ပါတယ်။

ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) ကလည်း အဆိုပါ ထောင်ဝင်စာပို့ရာ နေရာဟာ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ နေရာဖြစ်ပြီး အဲဒီလို နေရာမျိုးကို စစ်ရေးပစ်မှတ်အဖြစ် ဘယ်ဘက်က ဦးတည်တိုက်ခိုက်သည်ဖြစ်စေ ဒါဟာ စစ်အတွင်း လိုက်နာရမယ့် ကျင့်ဝတ်တွေကို သွေဖည်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အပြစ်မဲ့ပြည်သူတွေ သေဆုံးတာ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်ဝင်စာအတွက် အခက်အခဲတွေ ပေါ်ပေါက်လာနိုင်တာ စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေနိုင်တာကြောင့် ဒီတိုက်ခိုက်မှုဟာ အဆင်ခြင်မဲ့တဲ့လုပ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်တာဟာ စစ်တပ်ရဲ့ အကြမ်းဖက် ဖက်ဆစ်သန္ဓေကို ထင်ရှားစွာ ပြသလိုက်တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ပါက ဒီဖြစ်စဉ်ဟာ တော်လှန်ရေးပုံရိပ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်တာကြောင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ အပြစ်မဲ့ပြည်သူတွေ သေဆုံးမှုအတွက် ထိုက်တန်တဲ့ တရားမျှတမှုကို အမြန်ဆုံး ဖော်ဆောင်ပေးဖို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့လည်း အလေးအနက် တိုက်တွန်းထားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024