DVB Logo
Home
မြန်မာသတင်း
EAO အဖွဲ့များ တရားမဝင်ကုန်သွယ်မှုတွင်ပါဝင်နေသဖြင့် တိုင်းပြည်နစ်နာဟု စစ်ခေါင်းဆောင်ဝေဖန်
DVB
·
October 19, 2022
EAO အဖွဲ့များ တရားမဝင်ကုန်သွယ်မှုတွင်ပါဝင်နေသဖြင့် တိုင်းပြည်နစ်နာဟု စစ်ခေါင်းဆောင်ဝေဖန်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေဟာ တရားမဝင်ကုန်သွယ်မှုမှာ ပါဝင်နေပြီး တရားမဝင်ကုန်သွယ်မှုတွေကြောင့် နိုင်ငံတော်အတွက် နစ်နာမှုတွေရှိနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ဝေဖန်ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၁၈ ရက်က မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်တွေကို မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမမှာ တွေ့ဆုံရာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

အခွန်နဲ့ ပတ်သက်လို့  တချို့သော  EAO အဖွဲ့တွေဟာ  တရားမဝင်ကုန်သွယ်မှုတွေမှာ ပါဝင်နေတာ သိရှိရကြောင်း၊ တရားမဝင်ကုန်သွယ်တွေကြောင့် နိုင်ငံတော်အတွက် နစ်နာမှုတွေရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုစာရင်းဇယားတွေကို တိုက်ဆိုင်စစ်ဆေးကြည့်ပါက ၅၀ ရာခိုင်နှုန်းနီးပါးလောက်ကွာဟနေတာတွေ့ရပြီး တရားမဝင်ကုန်သွယ်မှုတွေရှိနေတဲ့ အကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

တရားမဝင်ကုန်သွယ်မှုတွေမရှိစေရေး တတ်နိုင်သလောက် ထိန်းချုပ်ဆောင်ရွက်နေပြီး လိုင်စင်မဲ့ မော်တော်ယာဉ်တွေနဲ့ မော်တော်ဆိုင်ကယ်တွေ မရှိစေရေးအတွက်လည်း ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တရားမဝင်ပစ္စည်းတွေ၊ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်မှုမရှိစေရေးအတွက် စစ်ဆေးမှုတွေရှိနေပေမဲ့ ခရီးသွားလာမှု နှောင့်နှေးကြန့်ကြာမှုမရှိစေရေး တတ်နိုင်သမျှဖြေရှင်းဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

တရားမဝင်ကုန်သွယ်မှုတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်နေတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုနေပေမဲ့ လက်တွေ့မြေပြင်မှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ် ရဲနဲ့ နယ်ခြားစောင့်တပ်တွေလည်း တရားမဝင်ကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်နေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လောင်စာဆီတွေကို  ပြည်ပမှ တင်သွင်းနေရလို့ နိုင်ငံခြားငွေသုံးစွဲကုန်ကျမှုတွေ ရှိကြောင်း၊ ဒါကြောင့် လောင်စာဆီကို ချွေတာနိုင်တဲ့  လျှပ်စစ်ဓာတ်အားအသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ရည်မှန်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ  ၂၀၁၈/၂၀၁၉ ခုနှစ်လောက်ကစပြီး  နိုင်ငံရဲ့ စီးပွားရေးကျဆင်းခဲ့ပေမဲ့ အခုအခါ တိုင်းပြည် စီးပွားရေး ပြန်လည်တည်ငြိမ်ကောင်းမွန်လာပြီလို့လည်း စစ်ခေါင်းဆောင်က  မွန်တိုင်းရင်းသား လုပ်ငန်းရှင်တွေကို  ပြောကြားသွားပါတယ်။

တိုင်းပြည်စီးပွားရေး ပြန်ကောင်းလာပြီလို့ စစ်ခေါင်းဆောင်က ပြောနေပေမဲ့ လက်တွေ့မှာတော့   စစ်အာဏာသိမ်းပြီးကတည်းက မြန်မာ့စီးပွားရေးဟာ သမိုင်းတလျှောက်မှာ ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်မှုမလုပ်နိုင်တော့တဲ့အထိ အဆိုးဝါးဆုံး  အခြေအနေနဲ့ ကြုံတွေ့ခဲ့ရာဖြစ်ပြီး မြန်မာကျပ်ငွေတန်ဖိုးဟာလည်း  စံချိန်တင် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ 

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013