
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပြီး ကုန်တင်ကားအပါအဝင် ခရီးသွားကား ရာနဲ့ချီ ပိတ်မိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီလောက်က အာရှလမ်းမကြီး သင်္ဃန်းညီနောင်နဲ့ ကော့ကရိတ်ကြား တောနော်ရေတံခွန်အနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
သင်္ဃန်းညီနောင် ဒေသခံ တစ်ဦးက “သင်္ဃန်းညီနောင်မှာ အခုထိ ကားတွေ တန်းစီပြီး စောင့်နေတုန်းပဲ၊ ကော့ကရိတ်ဘက်ကလာတဲ့ ကားတွေလည်း တက်လို့ မရဘူး၊ သင်္ဃန်းညီနောင်ဘက်က ဆင်းမယ့် ကားတွေလည်း ဆင်းလို့ မရသေးဘူး။ အခုထိ ပိတ်နေတုန်းပဲ”လို့ ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၉ ရက် ဒီနေ့ မနက် ၁၀ နာရီလောက်မှာလည်း အာရှလမ်း တောင်ကြောအဝင် ဘုရားလေးနဲ့ စမ်းချောင်းတံတားအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။
အဆိုပါတိုက်ပွဲတွေအတွင်း နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှု အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။
နှစ်ဖက်တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက် ကော့ကရိတ်ကို ရောက်နေတဲ့ ခရီးသည်ကားတချို့ နောက်ကြောင်း ပြန်လှည့်နေကြပြီး ကုန်တင်ကားတွေကတော့ ဆက်လက် စောင့်ဆိုင်းနေတယ်လို့ ကော့ကရိတ်ဒေသခံ တစ်ဦးက ပြောပါတယ်။
မြဝတီ-အာရှလမ်းမှာ တိုက်ပွဲကြောင့် လမ်းအသုံးပြုခွင့်ကို KNLA နဲ့ စစ်ကောင်စီ နှစ်ဖက်စလုံးက ကန့်သတ်ထားသလို မြဝတီကုန်သွယ်ရေးဇုန်မှာလည်း ကားအစီး ရာနဲ့ချီ ပိတ်မိနေတာပါ။
ကေအန်ယူ တပ်မဟာ(၆) ဒူးပလာယာခရိုင်ထဲကို စစ်ကောင်စီ တပ်သားတွေက အင်းအားအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေ လမ်းပိုင်း အသုံးပြုခွင့် ရပ်ဆိုင်းထားဖို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။