DVB Logo
Home
မြန်မာသတင်း
ကျောက်မျက်အရောင်းပြပွဲတွင် ဒေါ်လာအပါအဝင် ယူရို၊ ယွမ်နှင့် ဘတ်ငွေတို့ဖြင့် ဝယ်ခွင့်ပြုမည်
DVB
·
October 18, 2022
ကျောက်မျက်အရောင်းပြပွဲတွင် ဒေါ်လာအပါအဝင် ယူရို၊ ယွမ်နှင့် ဘတ်ငွေတို့ဖြင့် ဝယ်ခွင့်ပြုမည်
Donate to DVB

အာဏာသိမ်းစစ်ကောင်စီမှ ဦးဆောင်ပြီး စတုတ္ထကြိမ်မြောက်ကျင်းပမယ့် ကျောက်မျက်အရောင်းပြပွဲမှာ ဒေါ်လာငွေကြေးအပါအဝင် ယူရို၊ ယွမ် နဲ့ ဘတ်ငွေ တို့နဲ့လည်း ဝယ်ယူခွင့်ပေးသွားမယ်လို့ စစ်ကောင်စီခန့် သယံဇာတဝန်ကြီးက ပြောပါတယ်။

အဆိုပါကျောက်မျက်ပြပွဲကို နေပြည်တော်ရှိ ကျောက်မျက်ရတနာအရောင်းခန်းမမှာ အောက်တိုဘာ ၁၉ ရက် စတင်ကျင်းပမှာဖြစ်ပြီး တပတ်ကြာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

ပြပွဲအတွင်းမှာ ပုလဲအတွဲပေါင်း ၄၀၀ နဲ့အတူ ကျောက်မျက် အတွဲ ၁၂၀၊ ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ခင်းကျင်းပြသရောင်းချသွားမယ်လို့ သယံဇာတဝန်ကြီး ဦးခင်မောင်ရီက ထုတ်ဖော်ပြောဆိုထားပါတယ်။

“အရင်က ကျင်းပခဲ့တဲ့ အတွေ့အကြုံအရ ပြပွဲတွေမှာ တွေ့ကြုံခဲ့ရတဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြန်လည်သုံးသပ်ထားပြီး ဒီတကြိမ်မှာတော့ လာရောက်ဝယ်ယူတဲ့ ပြည်ပမှ ရတနာကုန်သည်တွေကို အမေရိကန်ဒေါ်လာ အပြင် ယူရို၊ ယွမ် နဲ့ ဘတ် စတဲ့ ငွေကြေး အမျိုးအစားတွေနဲ့ ဝယ်ယူခွင့် ပေးသွားမယ်” လို့ ဆိုပါတယ်။

ဒီ့အပြင် ပြည်တွင်းက ရတနာကုန်သည်နဲ့ လုပ်ငန်းရှင်တွေကိုလည်း အရောင်းပြပွဲမှာ အမေရိကန်ဒေါ်လာ တန်ဖိုး နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ဝယ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။

ပြပွဲအတွင်းမှာ ရောင်းချပေးသွားမယ့် ပုလဲတွေရဲ့ အခြေခံဈေးနှုန်းကို အမေရိကန်ဒေါ်လာငွေကြေး နဲ့ သတ်မှတ်ထားရှိမှာ ဖြစ်သလို ကျောက်မျက်နဲ့ကျောက်စိမ်းအတွဲတွေကိုလည်း ယူရိုငွေကြေးနဲ့ သတ်မှတ်ရောင်းချသွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တိုင်းပြည်အာဏာကိုသိမ်းပြီး ရက်ပေါင်း ၆၀ အတွင်းမှာ ပထမဆုံး အကြိမ်အနေနဲ့ ကျောက်မျက်အရောင်းပြပွဲကို ၂၀၂၁ ခုနှစ် ဧပြီလထဲမှာ ကျောက်စိမ်းအတွဲပေါင်း ၂၁၄၈ တွဲနဲ့အတူ ပုလဲအတွဲပေါင်း ၃၁၇ တွဲကို ရောင်းချခဲ့ပါတယ်။

ဒီ့နောက် ဒုတိယအကြိမ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထဲမှာ ကျောက်စိမ်းအတွဲပေါင်း ၇၈၀ နဲ့အတူ ပုလဲအတွဲပေါင်း ၃၃၀ ကို ထပ်မံရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလထဲမှာ တတိယအကြိမ်အနေနဲ့ ကျောက်စိမ်းအတွဲပေါင်း ၂၀၀၀ နဲ့အတူ ကျောက်မျက်အတွဲပေါင်း ၁၂၀ နဲ့ ပုလဲအတွဲပေါင်း ၃၃၀ ကို ပြသရောင်းချခဲ့တာပါ။ 

တတိယအကြိမ်ကျင်းပခဲ့တဲ့ ပြပွဲကာလမှာတော့ ကျသင့်တန်ဖိုးငွေကို နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်မှာ ဖွင့်လှစ်ထားတဲ့ ငွေစာရင်းထံ ပေးသွင်းနိုင်ဖို့အတွက် ကြေးနန်းငွေလွှဲ ပို့စနစ် (TT) ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာ ငွေလွှဲပို့စနစ် (SWIFT Message) တို့နဲ့ ပေးချေနိုင်ဖို့ စတင်သတ်မှတ်ပေးခဲ့ပါတယ်။

အခုလိုရောင်းချမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သယံဇာနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနက အခုနှစ် မေ ၁၈ ရက်နေ့က နိုင်ငံပိုင် ကျောက်မျက်ရတနာ၊ လက်ဝတ်ရတနာ နဲ့ ပုလဲအတွဲတွေကို တင်ပြရောင်းချရာမှာ အဓိက တာဝန်ရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကိုလည်း နိုင်ငံတော်ပိုင်ပစ္စည်း အလွဲသုံးစားမှု နဲ့ အရေးယူမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရတနာပြပွဲတွေမှာ တင်ပြရောင်းချတာ၊ ဝယ်ယူတာတွေ လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ၊ အရောင်းဆိုင်တွေကိုလည်း မှတ်တမ်းတင်ထားပြီး အမည်ပျက်စာရင်းသွင်းတာ၊ လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းတာအထိ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013