
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်၊ ရှားခဲအုပ်စု၊ နဲမနိတ် ကျေးရွာနေ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်းကို သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းတွေနဲ့ ငွေတွေကို ယူဆောင်သွားသူတွေဟာ အိမ်နီးနားချင်းတွေဖြစ်ပြီး လက်ရှိမှာ ပြစ်မှုကျူးလွန်တွေကို ဖမ်းမိထားပြီလို့ ဒေသခံထံက သိရပါတယ်။
အငြိမ်းစား ကျောင်းအုပ်ဆရာမကြီးလည်းဖြစ်၊ ပညာရေးဝန်ကြီးဌာန (အောက်မြန်မာပြည်) ဒုညွှန်ကြားရေးမှူး (ငြိမ်း)လည်းဖြစ်တဲ့ ဒေါ်လှလှဝင်းဟာ ဩဂုတ်လ ၂၁ ရက်က ဥပုသ်ကျောင်းမှ နေအိမ်သို့ ပြန်လာစဉ် နေအိမ်အတွင်းဝင်ရောက်ခိုးယူနေသူတွေနဲ့ တိုးပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။
ကျူးလွန်သူတွေဟာ ဆရာမကြီး ဒေါ်လှလှဝင်းရဲ့ နေအိမ်ခေါင်းရင်းကပ်နေအိမ်မှ ဖြစ်ပြီး ပြစ်မှု ကျူးလွန်ရာမှာ ပူးပေါင်းပါဝင်ခဲ့သူ ၃ ယောက်စလုံးကို ဩဂုတ် ၂၇ ရက်က ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒေသခံတယောက်က " ဟုတ်တယ်မိပြီ၊ သူတို့ ခေါင်းရင်းအိမ်က လင်မယား ၂ ယောက်။ လင်မယား ၂ ယောက်က မနက်ပိုင်းက ရန်ကုန်သွားမယ်ဆိုပြီး သတင်းလွှင့်တာ။ သတင်းလွှင့်ပြီး အထွက်ပြပြီး ပြန်လာတာ၊ ဒီဆရာမကြီး ဥပုသ်စောင့်သွားမှာ သိတယ်နဲ့တူပါတယ်။ ပြီးတော့မှ စက်ဘီး ပြန်ထားတယ် ပြောတယ်၊ အဲဒီမှာ ကွင်းဆက်မိတာပေါ့"လို့ ပြောပါတယ်။
သီဟကျော်နဲ့ ဇနီးဇင်ဇင်နွယ်တို့ဟာ ပြစ်မှုကျူးလွန်ပြီးနောက် ရန်ကုန်ကို ထွက်ပြေးတိမ်းရှောင် သွားလို့ ရဲတပ်ဖွဲ့က စုံစမ်းဖေါ်ထုတ်ခဲ့ရာ ဩဂုတ် ၂၇ ရက်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ အမှတ် (၂၀၈)မှာ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့ ပါတယ်။
ဒါ့အပြင် ပြစ်မှုကျူးလွန်ရာမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ နဲမနိတ်ကျေးရွာနေ တင်မျိုးအောင် (ခ) နေလကို လည်း ရှားခဲကျေးရွာမှာ ထပ်မံဖမ်းမိခဲ့ပါတယ်။











