DVB Logo
Home
မြန်မာသတင်း
NLD လက်ထက် ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို လာမည့်မတ်လ အပြီးဆောက်ရန် စစ်ကောင်စီ ညွှန်ကြား
DVB
·
October 18, 2022
NLD လက်ထက် ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို လာမည့်မတ်လ အပြီးဆောက်ရန် စစ်ကောင်စီ ညွှန်ကြား
1 / 2
Donate to DVB

NLD အစိုးရလက်ထက်က စတင်ဆောင်ရွက်ခဲ့တဲ့ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို လာမယ့် ၂၀၂၃ မတ်လကုန်မှာ အမြန်ပြီးအောင် အကောင်အထည်ဖော်ဖို့ စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းအစိုးရက ညွှန်ကြားထားတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

တောင်ဒဂုံမြို့နယ် အမှတ် ၇ မြို့ပတ်လမ်းမပေါ်မှာရှိတဲ့ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်းကို အခုပွင့်လင်းရာသီအတွင်း အမြန်ဆုံးအကောင်အထည်ဖော်ဖို့ လာမဲ့ ၂၀၂၃ မှာ အပြီးသတ်မြင်ချင်တယ်ဆိုပြီး ရန်ကုန်မြို့တော်ဝန်က ညွှန်ကြားထားတယ်လို့ စီမံကိန်းမှာ ပါဝင်တဲ့ ကန်ထရိုက်တာတဦးက  ပြောပါတယ်။

"မြိုတော်ဝန် ဦးဗိုလ်ဌေး လာသွားတယ်၊ စီမံကိန်းနေရာတွေကို လိုက်ကြည့်တယ်၊ အခုရက်ပိုင်းထဲ ကန်ထရိုက်တွေကိုခေါ်ပြီးပြောထားတာလည်း ရှိတယ်၊ အခန်းတွေအပ်နိုင်အောင် လုပ်ပေးရမယ်" လို့ ပြောပါတယ်။

တောင်ဒဂုံမြို့နယ်က ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကိုမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF) နဲ့ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် (MLCA) တို့က တာဝန်ယူ တည်ဆောက်ပေးနေရတာလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အဲဒီအဆောက်အဦးတွေ အပ်ရမယ့် ရက်တွေ သတ်မှတ်ပေးသွားတယ်။ ဆောက်လုပ်ရေးတွေက မိုးတွင်းဆိုတော့ ရပ်ထားတာ၊ အခုက အတင်းအားချင်းပြန်ဆောက်ခိုင်းနေတာ။ အောက်တိုဘာလကုန်မှာ MCEF က ၄၂ လုံး၊ MLCA က ၂၇ လုံး၊ ဒီဇင်ဘာလကုန်မှာ MCEF က ၁၀ လုံး၊ MLCA က ၁၄ လုံး အပ်ရမယ်။ ပြီးတော့ ၂၀၂၃ မတ်လကုန်မှာ ကျန်တဲ့ အလုံးတွေ ထပ်အပ်ပေးရမယ်။ စုစုပေါင်း အဆောက်အဦ ၁၉၀ ကျော်တယ်။" 

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ အိမ်ရာဝယ်ယူနိုင်စွမ်းမရှိတဲ့ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတွေ အတွက် အိမ်ခန်းပေါင်း ၃၀၀၀ ကျော် ပါဝင်တဲ့ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ရန်ကုန်နဲ့ မန္တလေးတို့မှာ စတင်ဆောက်လုပ်ခဲ့တာပါ။

မန္တလေးမြို့ ရန်ကင်းတောင်ခြေအနီးနဲ့ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တို့မှာ အဲ့ဒီ အိမ်ရာစီမံကိန်းတွေကို ၂၀၂၀ ဩဂုတ်လက စတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်း ကိုဗစ် ကပ်ရောဂါဖြစ်ပွားမှုနဲ့ စစ်တပ်က အာဏာသိမ်းယူမှုတွေကြောင့် စီမံကိန်းကို ရပ်ဆိုင်းထားရာက အခု အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အကောင်အထည်ဖော်ဖို့ စီစဉ်လာတာဖြစ်ပါတယ်။

NLD အစိုးရလက်ထက်က အငြိမ်းစားဝန်ထမ်းတွေအတွက် ရည်ရွယ်တည်ဆောက်ခဲ့တာ ဖြစ်ပေမယ့် စစ်ကောင်စီလက်ထက်မှာ လက်သိပ်ထိုးရောင်းချမှာကို စိုးရိမ်တယ်လို့ အငြိမ်းစား ဝန်ထမ်းတဦးက ပြောပါတယ်။

"NLD လက်ထက်က ဘာပဲပြောပြော ပွင့်လင်းမြင်သာမှု အနည်းအကျဉ်းရှိသေးတယ်လေ၊ အခု ဒီကောင်တွေက စွတ်လုပ်မှာ။ လက်သိပ်ထိုးပြီး အချင်းချင်း ဝေစားမျှစားသွားမှာ မြင်ယောင်တယ်။"

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013