DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် လက်နက်ကြီးကျည်ကျသဖြင့် ပြည်သူ ၂ ဦး သေဆုံး၊ တိုက်ပွဲကြောင့် ဘူးသီးတောင် ပြည်သူများ ထွက်ပြေး
DVB
·
October 17, 2022
မင်းပြားတွင် လက်နက်ကြီးကျည်ကျသဖြင့် ပြည်သူ ၂ ဦး သေဆုံး၊ တိုက်ပွဲကြောင့် ဘူးသီးတောင် ပြည်သူများ ထွက်ပြေး
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ အောက်တိုဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ကျေးရွာတွေကို လက်နက်ကြီးကျည် ကျရောက်ကာ ပြည်သူ ၂ ယောက်သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွက ပြောပါတယ်။

“ကျနော်တို့ မင်းပြားမြို့နယ် ကြပ်စင်တံတားနားမှာ အောက်တိုဘာ ၁၇ ရက်နေ့မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် AA က စစ်(...)စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်(...)တွေဘက်က အထိနာသွားတဲ့အတွက် မင်းပြားအခြေစိုက် ခမရ ၅၄၁၊ ၃၇၉ နဲ့ ၃၈၀ တပ်ရင်းတွေက နေ့လယ် ၁၂ နာရီလောက်မှာ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်။ ကျောင်းဆရာမတယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးတယ်။ ကလေးငယ်တွေလည်း တယ်။ ပြည်သူ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရတယ်။ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်” လို့ မင်းပြားမြို့နယ် ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ထောင့်ချောင်ကြီးကျေးရွာမှာ တာဝန်ကျနေတဲ့ အသက် ၄၈ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်မြမြစောရဲ့ ညာဘက်ရင်အုံကို လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ဖလောင်းပြင်ကျေးရွာက အသက် ၂၃ နှစ်အရွယ် မလှဆန်းယဥ်၊ အသက် ၁၀ နှစ်အရွယ် မခင်နွယ်စိုးနဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်ဦးညွန့်စိန်တို့မှာ ဒဏ်ရာတွေရရှိခဲ့ပြီး မလှဆန်းယဥ်ကတော့ ပေါက်တောဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆင်ကြီးပြင်ရွာမှာတော့ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲလို့ အသက် ၄ နှစ်အရွယ် မောင်စံရွှေ၊ အသက် ၄ နှစ်အရွယ် သမီးဖြစ်သူ၊ အသက် ၂၀ အရွယ် မကျော့ယဥ်၊ အသက် ၅၀ ကျော်အရွယ် ဒေါ်မဖြူစိန်တို့ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဘူးပင်ကျေးရွာဘက်မှာလည်း လက်နက်ကြီးကျည် ကျရောက်ပြီး အသက် ၅၀ ကျော်အရွယ် ဦးနုလှအောင်၊ အသက် ၂၅ နှစ်အရွယ် ကိုမောင်သန်းဌေးနဲ့ အသက် ၂၆ နှစ်အရွယ် ကိုမောင်သောင်းဌေးတို့မှာလည်း ဒဏ်ရာတွေရရှိခဲ့ကြပြီး တခြားကျေးရွာတွေမှာလည်း ဒဏ်ရာရ သေဆုံးသူတွေ ရှိနိုင်သေးတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-ညောင်ချောင်းလမ်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်ကနေ အောက်တိုဘာ ၁၇ ရက်အထိ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံတွေ နေရပ်စွန့်ခွာနေကြရပြီး စာသင်ကျောင်းတွေ စာသင်ပြမှု ယာယီရပ်နားထားရပါတယ်။

ဘူးသီးတောင်မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူတဦးက “ဘူးသီးတောင် ကျေးရွာ ၁၀ ရွာက စာသင်ကျောင်းတွေ ပိတ်ထားတာတော့ မဟုတ်ဘူး။ အဓိကကျတာက ရွာမှာ လူတွေ မရှိဘူး။ တချို့တဝက်ရှိတဲ့ ရွာတွေကျတော့လည်း တိုက်ပွဲအခြေအအနေကြောင့် ဆရာ၊ ဆရာမတွေ သွားလာဖို့ အဆင်မပြေကြဘူး။ အဲဒါကြောင့် စာသင်ကျောင်း ၁၀ ကျောင်း စာသင်ပြမှု ရပ်နားထားရတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်ကနေ အောက်တိုဘာ ၁၇ ရက်အထိ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေပြီး နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၈) က လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေကြတာပါ။

သပိတ်တောင်၊ သပြေတော၊ စိမ်ညှင်းပြား၊ ဂူတာပြင်၊ ကျောက်စာတိုင်၊ ငပျော့ချောင်း၊ ဖရုံချောင်း၊ ဒိုးတန်း၊ အလယ်ချောင်း၊ ဖရုံချောင်းရခိုင် စတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံတွေ ထွက်ပြေးနေကြရပြီး စာသင်ကျောင်းတွေ စာသင်ပြမှု ရပ်နားထားရပါတယ်။

ပညာရေးဌာန တာဝန်ရှိသူတဦးက “ဘယ်ရွာမှာ ဘယ်လောက်၊ ဘယ်စခန်းမှာ ဘယ်နှယောက် ရောက်နေတယ်ဆိုတာတော့ စာရင်းအတိအကျ မရနိုင်သေးဘူး။ စာရင်းကောက်ယူပြုစုဖို့ ခိုင်းထားတယ်။ ထွက်ပြေးလာကြသူတွေ ဘယ်ရွာ၊ ဘယ်နေရာကို ရောက်ရောက် ကျောင်းတက်နိုင်အောင် အားလုံးကို ညွှန်ကြားထားတယ်”လို့ ပြောပါတယ်။

၂၀၁၈ မှ ၂၀၂၀ အထိ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်မှ ကျေးရွာပေါင်း ၃၀ ခန့် နေရပ်စွန့်ခွာနေကြရပြီး နေရပ်မပြန်နိုင်ကြသေးသလို အခုတဖန် ကျေးရွာရွာ ၁၀ ရွာမှ ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော်(အေအေ) တို့ အခုနှစ် သြဂုတ်လ ကစတင်ကာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်းမှာ မြို့အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013