DVB Logo
Home
မြန်မာသတင်း
ပြည်ပသို့ ၆ လအတွင်း ဆန်နှင့် ဆန်ကွဲ မတ်ထရစ်တန် ၉ သိန်းကျော် တင်ပို့
DVB
·
October 17, 2022
ပြည်ပသို့ ၆ လအတွင်း ဆန်နှင့် ဆန်ကွဲ မတ်ထရစ်တန် ၉ သိန်းကျော် တင်ပို့
Donate to DVB

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၆ လအတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ မတ်ထရစ်တန် ၉ သိန်း ၈ သောင်းကျော် တင်ပို့ထားပြီး၊ အဲဒီတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃၃၉ သန်း  ပို့ကုန်ဝင်ငွေ ရရှိထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

မြန်မာ့ဆန်နဲ့ ဆန်ကွဲကို နိုင်ငံပေါင်း ၃၈ နိုင်ငံကို တင်ပို့နိုင်ခဲ့ပြီး တရုတ်၊ ဖိလစ်ပိုင်၊ ဘယ်ဂျီယံ၊ အိုင်ဗရီကို့စ်၊ နယ်သာလန်နဲ့ ပိုလန်နိုင်ငံတို့က အများဆုံး ဝယ်ယူနေတယ်လို့ အသင်းချုပ်ရဲ့ စာရင်းတွေအရ  သိရပါတယ်။

ဆန်နဲ့  ဆန်ကွဲ ပြည်ပတင်ပို့မှုက ပြီးခဲ့တဲ့ မီနီဘတ်ဂျတ် ၆ လမှာ တန်ချိန် ၁ ဒသမ ၄ သန်းထိရှိခဲ့ပြီး ပုံမှန်တင်ပို့မှုထက် တိုးတက်မှုရှိခဲ့ပါတယ်။ အခုဘဏ္ဍာနှစ်မှာလည်း တင်ပို့မှုက ဆက်လက် အားကောင်းနေတာပါ။

အခုနှစ်မှာ ဘင်္ဂလားဒေ့်ရှ်နိုင်ငံကို အစိုးရချင်း (G to G) သဘောတူညီမှုနဲ့ တန်းမြင့်ဆန်  တန်ချိန် ၂၅၀,၀၀၀ တင်ပို့ရောင်းချဖို့ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်တယ်လို့သိရပါတယ်။

အဲဒီစာချုပ်အရ တန်ချိန် ၂၁,၃၀၀ ကို  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အစီအစဉ်နဲ့ စတင် တင်ပို့နေပြီလို့လည်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဘင်္ဂလားဒေ့နိုင်ငံဟာ ဆန်တင်သွင်းမှု အများဆုံးနိုင်ငံတွေထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။ 

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ၅ နှစ်သက်တမ်းရှိတဲ့ ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်း နှစ်ဖက် လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  အသိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ  ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်တဲ့ အိန္ဒိယနိုင်ငံက  ဆန်တင်ပို့မှုကို ပိတ်ပင်ကန့်သတ်လိုက်တဲ့အတွက်   မြန်မာ အပါအဝင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့လို ဆန်တင်ပို့တဲ့ နိုင်ငံတွေကနေ နိုင်ငံတကာဝယ်လက်တွေက ဈေးကောင်းပေး ဝယ်ယူလာနိုင်တယ်လို့ စျေးကွက် စောင့်ကြည်သူတွေက  သုံးသပ်ထားကြပါတယ်။

လက်ရှိက မိုးစပါးအသစ်တွေ ဈေးကွက်ထဲ စတင်ဝင်ရောက်လာချိန် ဖြစ်တာကြောင့် စပါးစပေါ်ချိန် အနည်းငယ်ကျရိပ်ပြခဲ့ပေမဲ့ အခုရက်ပိုင်းအတွင်း ဈေးပြန်မာလာတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

“စပါးဈေး ပြန်တက်ပါတယ်။ စပေါ်ကာစက ကျသွားတယ်။ အခု ဈေးပြန်မာလာတာပါ” လို့ ပဲခူးတိုင်း ရေတာရှည်မြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စပါးအစို စက်ကျ တင်း၁၀၀ ကို အနိမ့်ဆုံး ၉ သိန်းကျော်ကနေ အမြင့်ဆုံး ၁၂ သိန်းကျော်အထိ ဈေးရရှိနေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် မိုးစပါးစိုက်ပျိုးချိန်မှာ သွင်းအားစုဈေးကြီးမြင့်နေတာကြောင့် အသုံးနည်းခဲ့ကြလို့ စပါးအထွက်နှုန်း လျော့ကျနိုင်တယ်လို့ လယ်သမားနဲ့ ဆန်စပါးလုပ်ငန်း အသိုင်းအဝိုင်းက သုံးသပ်ထားကြပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာလည်း စိုက်ပျိုးရေးကောင်းကောင်း မလုပ်နိုင်တာကြောင့်  ဆန်စပါး အထွက်နှုန်း လျော့ကျနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013