DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်တွင် စက်‌တောရွာသား ၄ ဦးအပါအဝင် ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်
DVB
·
October 17, 2022
ဗန်းမောက်တွင် စက်‌တောရွာသား ၄ ဦးအပါအဝင် ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စက်တောရွာက ဒေသခံ ၄ ယောက်အပါအဝင် ၆ ယောက်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၅ ရက်က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့  မံပင်ရွာရောက် စက်တောရွာသားတဦးက ပြောပါတယ်။

အဲဒီနေ့က မံပင်ရွာကို စစ်ကြောင်းထိုး ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ သေဆုံးသူတွေဟာ နားမော်တောထဲမှာ ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ မံပင်ရွာသားတွေက ပြောပါတယ်။

အခုချိန်မှာ PDF စိုးမိုးနယ်မြေတွေထဲက တခုဖြစ်တဲ့ ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာပြီး ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေ စခန်းချနေကြတာလို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။ 

အလောင်းတွေကိုတော့ မံပင်ရွာနဲ့အနီးနားရွာချင်းဆက်က ဒေသခံတွေပေါင်းပြီး နားမော်သင်္ချိုင်းမှာ အောက်တိုဘာ ၁၆ ရက်က သင်္ဂြိုဟ်လိုက်တာလို့ မံပင်ရွာရောက် စက်တောရွာသားက ပြောပါတယ်။

စက်တောရွာသား ၄ ဦးကိုတော့ မိသားစုက လူပျောက်တိုင်ထားတာဖြစ်ပြီး သူတို့တွေကတော့ ကိုမင်းမင်း၊ ကိုစိန်ကျော်မင်း၊ ကိုအောင်စိုးနဲ့ ကိုကျော်ကျော်တို့ဖြစ်တယ်လို့ ဗန်းမောက်ပြည်သူ့ ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဗန်းမောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက “စကစတွေက ရွာတွေမှာ အထိုင်ချ နေကြတာ။ ဒီတော့ တောထဲမှာတွေ့တော့ PDF အထင်နဲ့ ဖမ်းခံရတာ။ တခြား ၂ ယောက်က ဘယ်က ဘယ်သူဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။

ပျောက်ဆုံးသူတွေဟာ ကျောက်ရွှေလုပ်ကွက်လာရှာသူတွေဖြစ်ပြီး နားမော်တောထဲမှာ စစ်တပ်က ဖမ်းသွားတယ်ဆိုတာ မြင်တဲ့သူတချို့က ပြောတယ်လို့ ပျောက်ဆုံးသူတွေနဲ့ဆွေးမျိုးတော်သူ ကဒူးလူငယ်က ပြောပါတယ်။

ဗန်းမောက်နယ်ဘက်မှာတော့ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KAI)၊ PDF နဲ့ ပ.က.ဖ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ  လှုပ်ရှားတဲ့နေရာဖြစ်တာကြောင့်  အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး  ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဗန်းမောက်မြို့နယ်၊ နားမော်ရွာအနီးမှာ အောက်တိုဘာ ၁၁ ရက်က စစ်ကောင်စီ စစ်ကြောင်းနဲ့ KIA၊ PDF ပူးပေါင်းတပ်တို့ဖြစ်တဲ့တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်ကိုင်းအထူးတပ်ဖွဲ့ဝင် ၆ ယောက်မှာ အမျိုးသမီး ၁ ယောက်နဲ့ တက္ကသိုလ်ကျော်းသား ၁ ယောက်(ရွှေကူကပါ)  ပါတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးနဲ့ နီးစပ်သူတဦးက “ဝန်းသိုမြို့နယ်က မသက်သက်ဝင်းပါ အသက် ၃၄ နှစ်။ စစ်ကိုင်းအထူးတပ်ဖွဲ့ရဲ့ ကွန်မန်ဒို တပ်ဖွဲ့ဝင်ပါ။ သူနဲ့အတူ ၅ ယောက် ကျဆုံးသွားတာ” လို့ ပြောပါတယ်။

ကျဆုံးသွားသူ မသက်သက်ဝင်းဟာ ငယ်စဉ်ကတည်းက ယောင်္ကျားလေးလို နေထိုင်ပြီး တော်လှန်ရေး ကာလအစမှာပင် လက်နက်ကိုင်တော်လှန်မယ်ဆိုပြီး စစ်သင်တန်းတက်ရောက်ကာ ထူးချွန်ထက်မြက်တာကြောင့် တပ်စိပ်မှူး တာဝန်ပေးခံထားတယ်လို့ သိရပါတယ်။

အထူးတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကိုတော့ ပြန်မသယ်နိုင်ခဲ့ပေမဲ့ အာဇာနည် သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ Indaw Revolution-IR အဖွဲ့က ဆို ပါတယ်။ 

ကချင်ပြည်နယ် ရွှေကူမြို့နယ်အနောက်ခြမ်း စီမူလေးနဲ့ စီမူကြီးကျေးရွာနားမှာ အောက်တိုဘာ ၁၁ ရက်က  စစ်ကောင်စီစစ်ကြောင်းနဲ့ KIA၊ KPDF ပူးပေါင်းတပ်တို့ဖြစ်ပွားတဲ့ တိုက်ပွဲမှာ  အသက် ၂၁ အရွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဗန်းမော်တက္ကသိုလ်သိုလ်ကျောင်းသား မောင်ရှိန်းထက်ဝေ(ခ) ဖိုးစွန်ဟာ ရင်ဘတ်နဲ့ လက်မောင်း ကျည်ထိ မှန်ဒဏ်ရာနဲ့ ကျဆုံးခဲ့တာလို့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်အနောက်ခြမ်း စီသာ၊ စီးမော်၊ နောင်လတ်ကြီး၊ နန့်လင်း၊ ခေါ်လေး၊ မန်ဝိန်း၊ စီမူကြီးနဲ့ စီမူလေးရွာတွေဘက် ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား‌နေပြီး ပြည်သူတွေ စစ်ဘေးလွတ်ရာ တောထဲ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013