
မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် မန္တလေး - ရေတံခွန်တောင်ဂေါက်ကွင်းသွား လမ်းဘေးရှိ ဘီယာဆိုင်တခုမှာ အောက်တိုဘာ ၁၆ ရက် ညနေ ၆ နာရီဝန်းကျင်က အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေကြည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း ဘီယာဆိုင်မှာ ဘီယာထိုင်သောက်နေချိန် အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်သွားတာလို့ ဆိုပါတယ်။
“မနေ့က ညနေပိုင်း ဘီယာဆိုင်မှာ ထိုင်နေချိန် ဝင်ပစ်သွားတာ။ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။ မနေ့က အဲဒီနားတော့ စစ်ဆေးတာရှိတယ်။ ဒီနေ့ရှင်းနေတာ” လို့ ပုသိမ်ကြီးမြို့နယ်နေ ပြည်သူတဦးက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရတာကြောင့် ရေကြည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းမှာ ချိုစောင်း၊ ဗိုက် တို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရရှိပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။