DVB Logo
Home
မြန်မာသတင်း
မောင်တော ကရုဏာကွန်ရက်အသင်းဥက္ကဋ္ဌအပါအဝင် ပြည်သူ ၄ ဦး ပုဒ်မ၁၇(၁)(၂)ဖြင့် အမှုဖွင့်ခံရ
DVB
·
October 17, 2022
မောင်တော ကရုဏာကွန်ရက်အသင်းဥက္ကဋ္ဌအပါအဝင် ပြည်သူ ၄ ဦး ပုဒ်မ၁၇(၁)(၂)ဖြင့် အမှုဖွင့်ခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့  ကရုဏာကွန်ရက် လူမူကူညီရေးအသင်းမှ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူးနဲ့ KNN ရေသန့်စက်ပိုင်ရှင်အပါအဝင် လူ ၄ ဦးကို မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) (၂) နဲ့ အောက်တိုဘာ ၁၆ ရက်နေ့က မောင်တောမြို့မရဲစခန်းမှာ  အမှုဖွင့်ထားတယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတဦးက အတည်ပြုပြောပါတယ်။

"ဖမ်းမိတာက ၂ ဦး၊ မဖမ်းမိတာက ၂ ဦး၊ သူတို့ ၄ ဦးလုံးကို မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)/(၂) နဲ့ မနေ့က အမူဖွင့်ထားတာရှိတယ်။" 

အမူဖွင့်ခံထားရသူတွေကတော့ မောင်တောမြို့ ကရုဏာကွန်ရက်အသင်း ဥက္ကဋ္ဌ ဦးချစ်ထူးခိုင်၊ ဘဏ္ဍာရေးမှူးဦးလှသိန်း၊ KNN ရေသန့်စက်ပိုင်ရှင် ဦးထွန်းလင်းကျော်နဲ့ မောင်တောမြို့အမှတ် ၄ ရပ်ကွက်နေ ဦးမောင်ဘု တို့ဖြစ်တယ်လို့ သိရပါတယ်။

ဦးလှသိန်း နဲ့ ဦးထွန်းလင်းကျော်တို့အား အောက်တိုဘာ ၁၅ ရက်နေ့ ညသန်းခေါင်မှာ စစ်ကောင်စီက နေအိမ်တွေကနေ ‌ဖမ်းဆီးသွား​တာဖြစ်ပြီး မောင်တောမြို့ ကရုဏာကွန်ရက်အသင်း ဥက္ကဋ္ဌဦးချစ်ထူးခိုင် နဲ့ ဦးမောင်ဘု တို့ကတော့ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)(၂) နဲ့ အရေးယူမယ်ဆိုပါက ရခိုင်ပြည်နယ်မှာရှိတဲ့ လူတိုင်ကို အရေးယူရမှာဖြစ်ပြီး ရက္ခိုင်တပ်တော် အေအေ ကို ရခိုင်တမျိုးသားလုံးထောက်ခံမူအား လျှော့ကျလာစေဖို့ စစ်ကောင်စီက ဖန်တီးနေတာလို့ ရခိုင်ဒေသစစ်ရေးနဲ့ နိုင်ငံရေး လေ့လာသူတဦးက ပြောပါတယ်။

"ရခိုင်တမျိုးသားလုံးက အေအေကို ထောက်ခံတယ်၊ လိုအပ်ရင်ထောက်ပံ့တယ်၊ ကူညီတယ်လေ။ အခုက သူတို့မသင်္ကာတဲ့လူတွေကို ဖမ်းပြမယ်။ အမူဖွင့်ပြမယ်။ အဲဒီလိုလုပ်လာတာက ရခိုင်လူမျိုးတွေ အေအေကို မုန်းတီးလာအောင် ရည်ရွယ်ပြီးလုပ်ဆောင်နေတာ။" 

ရခိုင်ပြည်နယ် မင်းပြားမြို့ ဒုပညာရေးမှူး ဦးတင်မျိုးဇော်ကိုလည်း အေအေအဖွဲ့ကို ထောက်ပံ့ဖို့ ဆရာ/ဆရာမတွေဆီက ငွေကောက်ခံတယ်စွပ်စွဲပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်မှာ အမှုဖွင့်ထားပါတယ်။ 

ဘူးသီးတောင် မြို့နယ်တပ်မင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးကျော်လှနဲ့ မီးကျောင်းစျေးကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကိုလည်း အောက်တိုဘာ ၁၄ ရက်နေ့က မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ စစ်ကောင်စီက အမှုဖွင့်ရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013