DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းနှင့် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
October 16, 2022
ထားဝယ်တွင် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းနှင့် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ၈ မိုင်ရွာ နဲ့ ဥယျာဉ်ကြီးကျေးရွာကြားရှိ တံတားငယ်ပေါ်မှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ကြားဖြတ်ပစ်ခတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၅ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ Dawei Defense Team-DDT က ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၅ မနက် ၄ နာရီကျော်က အင်အား ၇၀ ခန့်ပါ ခြေလျင်စစ်ကြောင်းကို  ၈ မိုင်-ဥယျာဉ်ကြီးလမ်းမှာ DDT (ထားဝယ်-ပကဖ)တပ်ဖွဲ့က ကြားဖြတ်ပစ်ခတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။

DDT အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက  "ကင်းပုန်းဝတ်ပြီး စောင့်နေတာ။ သူတို့က လမ်းမအတိုင်းတန်းပြီး ခပ်စိပ်စိပ်ဝင်လာတယ်ဆိုတော့ ကျနော်တို့ပစ်တာ အတော်ထိတယ်။ အပြန်အလှန်ပစ်ကြတာ မိနစ် ၂၀ လောက်ကြာမယ်။  မိုင်းဆွဲပြီး ပြန်ဆုတ်ခဲ့တယ်။ မိုင်ဆွဲတာလည်း သူတို့အတော် အထိများတယ်" လို့ ပြောပါတယ်။

အညာဖျားဘက်ကို စစ်ကောင်စီက စစ်ကြောင်း နှစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး နောက်စစ်ကြောင်းတစ်ခုက ပကာရီမိုင်းဘက်ဝင်လာကာ အင်အား ၅၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ပစ်ခတ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဓားသွေးကျောက်ရွာသား ဦးသီးဇံနဲ့ ဥယျာဉ်ကြီးရွာသား ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောင်းထိုးပြီးအပြန် (၈)မိုင်ရွာ ကို ပြန်ရောက်ချိန် ည ၆ နာရီလောက်မှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တယ်လို့‌ DDT အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီက ကျေးရွာများထဲကို လက်နက်ကြီးအချက် ၃၀/၄၀ လောက်  ဆက်တိုက် ပစ်ခတ်ခဲ့တာကြောင့် အညာဖျားချောင်းတဖက်ကမ်းရှိ ပြည်သူ့နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းပြန်ပြီးနောက် DDT တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးသွားစဉ် ၆၀ မမ နှစ်လုံးနဲ့ အမ်-၁၆ ကျည် ၇၀ ကျော်လောက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီလောက်ကလည်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ထားဝယ်-မေတ္တာလမ်းပိုင်းမှာ လက်နက်ရိက္ခာ တင်လာတဲ့ စစ်ကား ၉ စီးပါ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ D.E.F-P.D.F က ထုတ်ပြန်ပါတယ်။

သင်္ကန်းတုံးရွာနဲ့ ဝကုန်းရွာအကြား (ဒေသအခေါ် ဒွေးညီနောင်)မှာ စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ပါတဲ့ယာဉ်တန်းကို Kawthoolei Army တပ်ခွဲ (၃)၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု (D.E.F – P.D.F)၊ သံမဏိပြောက်ကျား တပ်ဖွဲ့(နဘယံ)၊ က္လားသစ္ဏတ်(ကျားသစ်နက်)၊ Dawei Guerrilla Revolutionary Force (DGRF)၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်((T1-PDF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက "သွေးကွက်တွေ တွေ့တယ်လို့ ပြောတယ်။ သဲနဲ့ဖုံးထားခဲ့တယ်တဲ့။ စစ်သားတွေ သွားပြီးလို့ အဲနေရာကို သွားရှင်းတဲ့သူတွေပြောတယ်" လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တနာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က လက်နက်ကြီး (၆၀)မမ၊ အီနာကာ၊ (၄၀)မမ တို့ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်ရှိနေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၁၃ ရက်ကလည်း ထားဝယ်အရှေ့တော ၈ မိုင်ရွာမှ ဥယျာဉ်ကြီး၊ အညာဖျား၊ ဓားသွေးကျောက်ရွာတွေဘက်ကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးကာ လက်နက်ကြီး/ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ဝင်ရောက်လာမှုကြောင့် ပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013