
မြန်မာနိုင်ငံတွင်းမှာ စီးပွားရေးလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခနှုန်းထားကို စစ်ကောင်စီက တိုးမြှင့် လိုက်တာကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ ပိုများလာနေပြီး ကုန်ပစ္စည်းတွေလည်း ဈေးနှုန်း တွေ တက်ကုန်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
လျှပ်စစ်ဓာတ်အားကို ၂၄ နာရီ မီးမပြတ်ဘဲ သီးခြားတိုက်ရိုက်လိုင်းနဲ့ ရယူထားတဲ့ စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်တွေနဲ့ စက်မှု၊ စီးပွားရေးလုပ်ငန်းတွေအတွက် လျှပ်စစ်ဓာတ်အားခနှုန်းထားကို တယူနစ် ကျပ် ၅၀၀ နှုန်းကနေ ကျပ် ၉၀၀ နှုန်းနဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင် ပြောင်းလဲ ကောက်ယူ နေတာပါ။
လှိုင်သာယာစက်မှုဇုန်က လုပ်ငန်းရှင်တယောက်က “ကျနော်တို့ အကျိုးအမြတ်လျော့သွားတယ်။ လုပ်ငန်းတွေကလည်း ရပ်လို့ မရတဲ့ အနေအထားဆိုတော့ ကျနော်တို့ ထုတ်ကုန်ပစ္စည်းတွေပေါ်မှာ ဈေးတက်ယူရမဲ့ သဘောဖြစ်သွားတယ်။ တိုက်ရိုက်လိုင်းကနေ မယူထားရင်လည်း မီးမမှန်ဘူး။ မီးပျက်လို့ မီးစက်နဲ့လုပ်မယ်ဆိုလည်း ဆီက မရှိဘူးလေ” လို့ ပြောပါတယ်။
ပုံမှန်လျှပ်စစ်မီးယူရင် ရန်ကုန်တိုင်းလျှပ်စစ်က စက်မှုဇုန်တွေဆီ တရက်ကို လျှပ်စစ်ဓာတ်အား ည ၁၂ နာရီကနေ နောက်ရက် ၅ နာရီအထိ ၁၈ နာရီ မီးပေးပြီး ၆ နာရီမီးဖြတ်လို့ လုပ်ငန်းတွေ မရပ်ဖို့ တိုက်ရိုက် လျှပ်စစ်ဝယ်သုံးရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
အခုလို ကုန်ကျစရိတ်ကြီးတာကြောင့် လုပ်ငန်းရှင်တွေက သူတို့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေအပေါ် ဈေးတင်ယူမှာဖြစ်လို့ စားသုံးသူတွေကပဲ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံရမှာလို့ စီးပွားရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
“အားလုံးအပေါ် သက်ရောက်မှု ရှိတာပေါ့။ ဈေးနှုန်း တခု ပြောင်းလဲသွားပြီဆိုတာနဲ့ အဓိက ထုတ်လုပ်တဲ့သူ နောက်စားသုံးတဲ့ဈေးကွက်၊ စားသုံးတဲ့ဈေးကွက်ဆိုတာ ပြည်သူ၊ ဒီလိုမျိုး သက်ရောက်မှုတွေ ရှိတယ်။ အဲဒီကတဆင့် အခြေခံကုန်ဈေးနှုန်းတက်သွားတာပေါ့။”
အရင်တုန်းကလည်း လျှပ်စစ် မီးမကြာခဏပြတ်လေ့ရှိတာကြောင့် စက်မှုဇုန်တွေနဲ့ စက်ရုံ၊ အလုပ်ရုံ တွေဟာ ဓာတ်ဆီ၊ ဒီဇယ်သုံးကာ မီးစက်နှိုး လုပ်ငန်းလုပ်ကြရတာကြောင့်လည်း ကုန်ကျစရိတ်တွေ ပိုကျခဲ့ပါတယ်။
စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနကတော့ စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်တွေရဲ့ ပြင်ပမှာရှိတဲ့ စက်မှု၊ စီးပွားရေးလုပ်ငန်းတွေက ၂၄ နာရီမီးရတဲ့ ဓာတ်အားလိုင်းရယူလိုကြောင်း တင်ပြလာရင် ဆောင်ရွက် ပေးသွားမယ်လို့ ဆိုထားပါတယ်။
လက်ရှိအချိန်မှာတော့ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်းက ဒေသတွေမှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားစွာဖြစ်ပေါ်နေပါတယ်။










