DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုသိမ်း ရန်ကုန်မြေနေရာများကို NUG က နွေဦးအောင်လံနှင့် တော်ဝင်နွေဦး ပရောဂျက် များအဖြစ် ရောင်းချ
DVB
·
October 15, 2022
စစ်အုပ်စုသိမ်း ရန်ကုန်မြေနေရာများကို NUG က နွေဦးအောင်လံနှင့် တော်ဝင်နွေဦး ပရောဂျက် များအဖြစ် ရောင်းချ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီမံဆောင်ရွက်နေတဲ့ အာဏာရှင်အဆုံးသတ်နိဂုံး အစီအစဉ်ကနေ Spring Yangon Investment Phase II အဖြစ် နွေဦးအောင်လံ တောင်ဒဂုံစီမံကိန်းနဲ့ တော်ဝင်နွေဦး ဗဟန်း စီမံကိန်း ၂ ခုကို စတင်ရောင်းချနေပြီလို့ ထုတ်ပြန်ပါတယ်။

အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် အရေးကြီးတဲ့ တော်လှန်ရေးရန်ပုံငွေတွေ ရရှိနိုင်ဖို့ အများပြည်သူကို ရောင်းချပေးမယ့် ဒီစီမံကိန်းတွေအတွက် ဝယ်ယူသူတွေအနေနဲ့ မြေပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပြီး ကာလပေါက်စျေးရဲ့ ၃ ပုံ ၁ ပုံလောက် တန်ဖိုးနဲ့သာ ရောင်းချပေးသွားမှာဖြစ်တဲ့အပြင် ငွေပေးချေမှုကိုလည်း တော်လှန်ရေးကာလအတွင်းနဲ့ တော်လှန်ရေးကာလအပြီး ၂ ပိုင်းခွဲ ပေးသွင်း ရမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလအပြီး စီမံကိန်းစတင်တဲ့အချိန်မှာတော့ လမ်း၊ ရေ၊ လျှပ်စစ်မီး၊ ကလေးကစားကွင်း၊ ပန်းခြံနဲ့ စည်ပင်သာယာ ဝန်ဆောင်မှုတွေကို တည်ဆောက်ပေးသွားမှာဖြစ်ပြီး အိမ်ကိုတော့ ဝယ်ယူသူကနေ ဆောက်လုပ်ရေးစံနှုန်းတွေနဲ့အညီ စိတ်ကြိုက်ဆောက်ယူရမှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စီမံကိန်းမှ မြေကွက်တွေကို လက်ရှိ မြန်မာနိုင်ငံသား မဟုတ်တဲ့ နိုင်ငံခြားသားတွေလည်း ဝယ်ယူနိုင်မှာဖြစ်ကာ တော်လှန်ရေးအလွန် ကာလမှာ နွေဦးမန္တလေးမြေကွက်တွေကို နိုင်ငံခြားသား မြေပိုင်ဆိုင်မှု အာမခံတဲ့ သီးသန့်အမိန့်ဒီဂရီ ဥပဒေတွေ ပြဋ္ဌာန်းထားပြီး တော်လှန်ပြည်သူတွေ အကျိုးဖြစ်ထွန်းစေဖို့ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

နွေဦးအောင်လံ တောင်ဒဂုံစီမံကိန်းကတော့ တောင်ဒဂုံမြို့နယ်၊ အမှတ် ၂ လမ်းမကြီးပေါ်၊ ကျန်စစ်သားလမ်းထောင့်၊ စစ်တပ်က သိမ်းယူထားတဲ့ မြေနေရာဖြစ်ပြီး Pro1 East Dagon Branch ရဲ့ မျက်စောင်းထိုး ဘက်ခြမ်း ကျန်စစ်သားလမ်းမကြီးထောင့်မှာ တည်ရှိကာ တောင်မြောက်-ဒဂုံလမ်းဆုံကနေ ၁ မိုင်ခွဲလောက်သာဝေးပြီး ရန်ကုန်မြို့လယ်ကနေ ၁၀ မိုင်လောက် အကွာမှာ တည်ရှိပါတယ်။

မြေကွက်ဈေးနှုန်းတွေအနေနဲ့ အမှတ် (၂) လမ်းမဘက် မျက်နှာစာနဲ့ ကျောကပ် နေရာတွေကို Commercial Development တွေအဖြစ် ပေ ၁၀၀ × ပေ ၁၅ဝ အကွက်ကြီး ၃၂ကွက်ကို တကွက်ကို အမေရိကန်ဒေါ် လာ ၃၂၀,၀၀၀ နဲ့ ရောင်းချပေးသွားမှာဖြစ်ကာ အတွင်းဘက် လူနေအိမ်ရာ ပေ ၆ဝ x ပေ ၈၀ အကွက်ပေါင်း ၂ဝဝ ကိုတော့ တကွက်ကို အမေရိကန်ဒေါ်လာ ၂၇,၅၀၀၊  ပေ ၄၀ x ပေ ၆၀ အကွက်ပေါင်း ၈၀၀ ကိုတော့ တကွက်ကို  အမေရိကန်ဒေါ်လာ ၁၅,၀၀၀ စီနဲ့  ရောင်းချသွားမယ်လို့ ဆိုပါတယ်။

တော်ဝင်နွေဦး ဗဟန်းစီမံကိန်းကတော့ ဗဟန်းမြို့နယ်၊ မဟာစည် သာ့သနာရိပ်သာလမ်း အတွင်းဘက် စစ်တပ်က သိမ်းယူထားတဲ့ မြေနေရာဖြစ်ပြီး ရွှေတိဂုံစေတီတော်၊ Spring Inya မှ Inya Walk၊ ကန် တော်ကြီးဝန်းကျင်မှ Spring Memorial Park တို့နဲ့ နီးကပ်စွာရှိတဲ့ နေရာဖြစ်ပါတယ်။

မြေကွက်ဈေးနှုန်းတွေအနေနဲ့ လူနေအိမ်ရာ ပေ ၆ဝ x ပေ ၈၀ အကွက်ပေါင်း ၄၀ ကိုတော့ တကွက်ကို အမေရိကန်ဒေါ်လာ ၁၃၅,၀၀၀၊ ပေ ၄၀ x ပေ ၆၀ အကွက်ပေါင်း ၁၂၀ ကိုတော့ တကွက်ကို အမေရိကန်ဒေါ် လာ ၇၂,၀၀၀ စီနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

ဝယ်ယူလိုတဲ့ ပြည်သူတွေအနေနဲ့ တဦးချင်းဝယ်ယူလိုတဲ့ အရေအတွက် အကန့်အသတ်မရှိဘဲ စုပေါင်းပြီးတော့လည်း ဝယ်ယူနိုင်မှာဖြစ်ကာ သတ်မှတ်စျေးနှုန်းရဲ့ ၄၀ ရာခိုင်နှုန်းကိုသာ တော်လှန်ရေးကာလတွင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကိုတော့ တော်လှန်ရေး အောင်မြင်ပြီးနောက် စီမံကိန်းတွေ စတင်အကောင်အထည်ဖော်တဲ့ အချိန်မှသာ ပေးသွင်းရမှာဖြစ်ပြီးတော့ တော်လှန်ရေးကာလတွင်း ပေးသွင်းရမယ့်ငွေကိုလည်း ၃ လအတွင်း အရစ်ကျ ခွဲသွင်းနိုင်မယ်လို့ ဆိုပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာ EOD ကိုယ်စားလှယ်တွေကတဆင့် ဝယ်ယူနိုင်မယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြာခင် ထုတ်ပြန်ပေးသွားမှာဖြစ်ကာ ဒီတိုင်ခင်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ် ရောင်းချနိုင်ခဲ့ပြီး ဒုတိယပရောဂျက်အဖြစ် ရန်ကုန်မြို့ ၆ မိုင်ခွဲ Inya View နေရာကိုလည်း လတ်တလော ရောင်းချနေတာဖြစ်ကာ ရန်ကုန်မြို့က နွေဦးရိပ်မွန်-မင်းဓမ္မနဲ့ နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာတွေ၊ မန္တလေးမြို့က နွေဦးမန္တလေး ပြည်တော်ဝင်စီမံကိန်း Spring Mandalay Investment တွေကိုလည်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီ ခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013