DVB Logo
Home
မြန်မာသတင်း
ရန်ကုန် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ကျဆင်း၊ အငှားဈေးကွက်လည်း ပုံမှန်မဖြစ်သေး
DVB
·
October 14, 2022
ရန်ကုန် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ကျဆင်း၊ အငှားဈေးကွက်လည်း ပုံမှန်မဖြစ်သေး
Donate to DVB

ပုဂ္ဂလိကဘဏ်တွေက အိမ်ရာချေးငွေ (home loan) စနစ်နဲ့ ဝန်ဆောင်မှုပေးပြီး ကွန်ဒိုနဲ့ တိုက်ခန်းတွေကို ရောင်းချလာပေမဲ့ အဝယ်က ထင်သလောက်မရှိတဲ့အပြင် အငှားဈေးကွက်ကလည်း ပုံမှန်အခြေအနေ မရောက်သေးဘူးလို့ ရန်ကုန်အိမ်ခြံမြေ အသိုင်းအဝိုင်းက ပြောပါတယ်။

ရန်ကုန်အိမ်ခြံမြေဈေးကွက်ဟာ ကိုဗစ်ကြောင့် ထိခိုက်မှုရှိခဲ့တဲ့အပြင် စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အကျိုးဆက်ကြောင့်လည်း လုပ်ငန်းတွေက ပုံမှန်လည်ပတ်နိုင်မှု မရှိတော့လို့ ကွန်ဒိုနဲ့ တိုက်ခန်းအရောင်းအဝယ်က ကျဆင်းမှုရှိခဲ့ပါတယ်။ လက်ရှိမှာလည်း ပုဂ္ဂလိကဘဏ်တွေက အိမ်ရာချေးငွေ ဝန်ဆောင်မှုကို အပြိုင်အဆိုင်ပေးလာပေမဲ့ အဝယ်က ထင်သလောက် ရှိမလာဘူးလို့ ရန်ကုန်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“အခုတော့ ဘဏ်တွေဘက်ကလည်း ငွေတွေ ထွက်လာကြတယ်နော်။ သူ့နည်းသူ့ဟန်နဲ့ပေါ့။ ငွေတွေ အပြင်ရောက်လာကြတယ်လေ။ ထူးခြားချက်က ဘဏ်တွေဘက်က အခုဆိုရင် အပြိုင်အဆိုင် Home Loan တွေပေးလာကြတယ်။ marketing တွေ အပြိုင်အဆိုင် ဆင်းလာကြတယ်။ ပြီးတော့ တဘဏ်နဲ့တဘဏ် ဝန်ဆောင်မှုပိုင်းမှာလည်း အပြိုင်အဆိုင်တွေ လုပ်လာကြတယ်။ ဘဏ်တွေဘက်က အဲဒီလို ဆွဲဆောင်ပြီး လုပ်လာကြပေမဲ့ ယူမယ့်သူက နည်းနေတာ တွေ့ရတယ်။ ဘာလို့လဲဆို လက်ရှိအခြေအနေက ခိုင်ခိုင်မာမာရှိပြီးတော့ ယူနိုင်တဲ့သူက နည်းတယ်လေ။ ဒါကြောင့် ရောင်းအားက ဘယ်လောက်ပဲဆွဲတင်တင် တက်မလာဘူး။”

ဒါပေမဲ့ လုံးချင်း အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်မှာတော့ ဝင်ကစားတဲ့သူတွေကြောင့် လုံးချင်းအိမ်ခြံမြေဈေးနှုန်းတွေဟာ အဆမတန် ဈေးမြင့်သွားခဲ့ပါတယ်။

ဝါရင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တယောက်က “ကစားတဲ့သူတွေ ဝင်ကစားတာကတော့ ပြီးသွားပြီလို့ ပြောလို့ရတယ်ဗျ။ လွန်ခဲ့တဲ့ ၃ လလောက်ကပဲ ရပ်သွားကြတာ။ အဲ့ဒီ့ ၃ လမတိုင်ခင် အချိန်တုန်းက အိမ်ခြံမြေဈေးက ဝုန်းကနဲ တက်ခဲ့တာနော်။ အဲ့ဒါက ၂၀၂၂ ခုနှစ် နှစ်စပိုင်းကစပြီး ၄ လနဲ့ ၅ လပိုင်းအထိပဲ အရောင်းအဝယ်က တော်တော်လေး သွက်သွက်လက်လက်ဖြစ်ခဲ့တာ တွေ့ရတယ်။ ဈေးကလည်း အမြင့်တန်းလို့ ပြောလို့ရတဲ့ သိန်းကို သောင်းနဲ့ချီပဲ အရောင်းအဝယ် ဖြစ်ခဲ့ကြတာ။ တချို့လည်း အခုအချိန်ထိ ပိုက်ဘောမိသွားတာမျိုးရှိသလို တချို့လည်း လွတ်သွားတာမျိုးတွေတော့ ရှိတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

အငှားဈေးကွက်ကလည်း ငှားမယ့်သူက အရင်သုံးနိုင်တဲ့ ပမာဏအောက် လျှော့ပြီး သုံးစွဲလာရတဲ့အပြင် အိမ်ရှင်နဲ့ အိမ်ငှားအကြားမှာ သံသယပေါင်းများစွာနဲ့ လုပ်ကိုင်နေရတာဖြစ်လို့ အငှားဈေးကွက်က အလုပ်မဖြစ်ဘူးလို့ အကျိုးဆောင်တွေက ဆိုပါတယ်။

“အငှားဈေးကွက်က နည်းနည်း ပြဿနာရှိတယ်။ လုပ်ငန်းက အစပေါ့။ လုပ်ငန်းတွေက မကောင်းကြတော့လေ။ တခါ လူနေဖို့အတွက်ဆိုရင်လည်း အကြောင်းအမျိုးမျိုးကြောင့် လူကို တော်တော်လေး စိစစ်ရတာမျိုးတွေ ရှိလာရတယ်။ ငှားတဲ့သူကလည်း လုံခြုံရေးကောင်းတဲ့ နေရာဖြစ်ဖို့၊ အိမ်ရှင်ကလည်း ငှားတဲ့သူက ဘယ်သူနေမှာလဲပေါ့၊ ဒါမျိုး စိစစ်နေကြရတာ။ ဒါကြောင့် မြို့ထဲက တချို့နေရာတွေဆို လချင်းပေးဆိုတာမျိုးတွေ ရှိလာတယ်။ အရင်က ၆ လ တကြိမ် ပေးရတဲ့ဟာကလေ။ လုပ်ငန်းနဲ့ပတ်သက်လို့ကလည်း အကုန်လုံးက သိမ်းသွားကြတာများတော့ ရွှေ့ရွှေ့သွားကြတယ်။ ဥပမာ အရင်တုန်းက သိန်း ၁၀၀ သုံးတဲ့သူက ပြန်အပ်လိုက်ပြီး သိန်း ၅၀ လောက်တန် ပြောင်းပြီး ဝိတ်လျှော့တာပေါ့။ ဆိုတော့ အငှားဈေးကွက်က တော်တော်လေး သတိထားပြီး လုပ်နေရတဲ့ အနေအထား ဖြစ်နေတယ်။ သူ့ကို ကိုယ်မယုံ၊ ကိုယ့်ကို သူမယုံ သဘောမျိုးလေ။ ဒီတော့ ကြားက ပွဲစားတွေဘက်က အာမခံရတဲ့ အပိုင်းတွေလည်း ရှိလာတယ်။ ဒီတော့ တော်ရုံတန်ရုံ အကျိုးဆောင်တွေက အာမခံ သိပ်မပေးတော့ဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013