DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်၊ Jammer ယာဉ် ၁ စီး ပဒေသာမိုင်းထိမှန်
DVB
·
October 14, 2022
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်၊ Jammer ယာဉ် ၁ စီး ပဒေသာမိုင်းထိမှန်
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကနီမြို့နယ်နဲ့ ပုလဲမြို့နယ်တွေမှာ ဒီနေ့ အောက်တိုဘာ ၁၄ ရက်က စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

မြင်းမူမြို့ပေါ်မှာ စစ်ကောင်စီ ကင်းပုန်းစခန်းတွေကို ဒီမနက် ၁၀ နာရီကနေ စတင်ပြီး ဒရုန်းနဲ့ မိုင်းချတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ မြင်းခြံ Zero အဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ မြင်းမူမြို့ပေါ်က စစ်(--)တွေကို မနေ့ အောက်တိုဘာ ၁၃ ရက်နေ့ ညနေ ၆ နာရီကနေ စတင်ပြီး ဒီနေ့ အောက်တိုဘာ ၁၄ ရက်နေ့အထိ ၄ ကြိမ် တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်ဗျ။ မနေ့က မြင်းမူရဲစခန်းဝန်းအတွင်း ဝိုင်းဖွဲ့အရက်သောက်နေတဲ့ ရဲ(--)တွေကို လျက်ဆားပုလင်းဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ဒီနေ့မနက်ခင်း ၁၀ နာရီနဲ့ ၁၀ နာရီ ၁၅ မိနစ်မှာ မြင်းမူမြို့ စာသင်ကျောင်းအနီးက ကင်းပုန်းဝပ်နေတဲ့ စစ်(--)တွေနဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ စောင့်ကြပ်နေတဲ့ စ(--)တွေကို ဒရုန်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်ဗျ။ စစ်(--)အသေအဆုံးကတော့ စုံစမ်းနေဆဲပဲဗျ။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာမရှိဘူး။”

အဆိုပါတိုက်ခိုက်တာကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နဲ့ True Fighter အဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ကနီမြို့နယ် ချင်းတွင်းမြစ်ကနေ မော်တော် ၃ စီးနဲ့ စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA) ကနီတပ်ခွဲတို့ ဒီနေ့မနက် ၉ နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကနီ MRDA တပ်ခွဲတာဝန်ခံ ကိုရုက္ခစိုးက ပြောပါတယ်။

“အထက်ကနေ စုန်လာတဲ့ စစ်သင်္ဘော ၂ စီးနဲ့ ချမ်းသာအောင် အမှတ် ၄ ကို ကျနော်တို့ ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ အကျအဆုံး မသိရဘူးဗျ။ ကိုယ့်ဘက်ကတော့ ရဲဘော်တဦး လက်ကျည်ထိမှန်တာတွေ ဖြစ်ခဲ့တယ်။ အသက်အန္တရယ်ကတော့ မစိုးရိမ်ရဘူး။”

အဆိုပါ စစ်ကောင်စီ မော်တော် ၃ စီးဟာ မင်းကင်းခုံသာရွာကနေ ပြန်လည်စုန်ဆင်းလာတာ ဖြစ်ပြီး မနေ့ကလည်း မင်းကင်းနယ်မြေခံ‌ တော်လှန်ရေးးတပ်ဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မဟူရာကျောက်ရိုင်းအဖွဲ့ခေါင်းဆောင်က “သူတို့က ပြီးခဲ့တဲ့ရက်ပိုင်းက မင်းကင်းမြို့နယ် ဖရုံကာရွာကို မီးရှို့ပြီး ခုံသာရွာကို တပ်စွဲနေတဲ့ကောင်တွေဗျ။ မော်တော်တွေက အထက်ရောက်သွားပြီဆိုတော့ သူတို့ကိုတိုက်မယ့်သူမရှိတော့ ချမ်းသာအောင် အမှတ် ၄ မော်တော်တစီး၊ စစ်သ‌‌င်္ဘော ၂ စီး၊ စုစုပေါင်း ၃ စီးနဲ့ မုံရွာဘက် ပြန်စုန်လာတာကို ကျနော်တို့အဖွဲ့နဲ့ တိုက်ပွဲဖြစ်တာပါ။ အပြန်အလှန်ပစ်တာပဲ။ သူတို့ဘက်က အကျအဆုံးကတော့ မသိရဘူး။ ကျနော်တို့ဘက်ကတော့ ရဲဘော်တဦး ကျည်စထိမှန်လို့ ဒဏ်ရာရတာ တဦးရှိခဲ့တယ်” လို့ ပြောပါတယ်။

မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရေကြောင်းတိုက်ပွဲ‌ရော ကုန်းကြောင်းတိုက်ပွဲ‌ပါ ဖြစ်ပွားခဲ့တာကြောင့် လက်နက်နဲ့ ကျည်ဆန်တွေ အမြန်ဆုံး လိုအပ်နေတဲ့အတွက် NUG အစိုးရနဲ့ အလှူရှင်တွေက ကူညီပေးကြဖို့ မင်းကင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တွေက ပြောပါတယ်။

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်တွေကို အောက်တိုဘာ ၁၃ ရက် ည ၉ နာရီကနေ စတင်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

ည ၉ နာရီကစတင်ပစ်ခတ်ခဲ့ပြီး ည ၁ နာရီခွဲမှာ တိုက်ပွဲပြီးဆုံးသွားတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒီပစ်ခတ်မှုကို ပုလဲတပ်ရင်း-၁ Royal Egal အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး  အခုလိုပစ်ခတ်လို့ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ကျဆုံးမှုများနိုင်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ခန့်မှန်းပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာလည်း အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကား ၃ စီးကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ Jammer ယာဉ် ၁ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ အင်အား ၈၀ လောက်ပါတဲ့ စစ်ကား ၃ စီးဟာ မုံရွာဘက်ကနေ ထွက်ခွာလာတာဖြစ်ပြီး ချောင်းဦးမြို့မရောက်ခင် ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့  Braveheart Army - BHA တာဝန်ရှိသူက “ပစ်ခတ်ပြီး အသင့်ပြင်ဆင်ထားတဲ့ ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ Jammer (အဝေးထိန်းလိုင်းဖျက်စက်) ပါတဲ့ကားကတော့ အောက်က တာယာတွေပွင့်ထွက်ပြီး ပျက်စီးသွားတယ်။ အဲ့ဒီ Jammer စက်တွေလည်း သုံးမရအောင် ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။

မိုင်းထိသွားတဲ့ Jammer ကားဟာ လမ်းဘေးထိုးရပ်သွားပြီး ကားပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိနိုင်ပေမဲ့ အတိအကျ စုံစမ်းနေဆဲဖြစ်တယ်လို့ BHA အဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်ကလည်း မန္တလေး-မုံရွာလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ လောက်ပါတဲ့ Jammer ကား ၁ စီးကို ဒေသကာကွယ်ရေးအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ‌ယောက် နေရာမှာတင် သေဆုံးခဲ့ပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013