
မကွေးတိုင်း ထီးလင်းမြို့နယ်မှာ စက်တင်ဘာ ၁၉ ရက်နေ့ကနေ ဒီနေ့ အောက်တိုဘာ ၁၃ ရက်အထိ ကျေးရွာ ၄ ရွာက အိမ်ခြေ ၄၂ အိမ်ကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၄ ယောက်ကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ YDF-ထီးလင်းက ပြောပါတယ်။
ထီးလင်းမြို့နယ်ကို စက်တင်ဘာ ၁၉ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ကောင်စီ ခလရ ၅၀ က အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေဟာ အညာတောရွာ၊ ကန်သာရွာ၊ အ နောက်ဘက်ရွာ၊ အောင်းကျေးရွာက ဒေသခံပြည်သူတွေရဲ့ နေအိမ် ၄၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင် သခင်ဇော်က ဒီဗွီဘီကိုပြောပါတယ်။
“အနောက်ဘက်ကျေးရွာမှာ ဒီနေ့ အောက်တိုဘာ ၁၃ ရက်နေ့ မနက် ၈ နာရီကျော်လောက်မှာ စစ်ကြောင်းဆုတ်သွားတဲ့အတွက် ကျနော်တို့တပ်ဖွဲ့က နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်က အိမ်ပေါ်မှာ လက်ပြန်ကြိုးတုတ်ပြီး မီးရှို့သတ်ဖြတ်ခဲ့တဲ့ အလောင်း ၄ လောင်းတွေ့ရှိခဲ့တယ်” လို့ ဆိုပါတယ်။
ဘယ်သူ့ အလောင်းတွေဆိုတာ အတိကျအတည်မပြုနိုင်သေပေမယ့် အနောက်ဘက်ကျေးရွာက အသက် ၁၈ နှစ်အရွယ် ကိုဟိန်းထက်၊အသက် ၁၄ နှစ်အရွယ် မောင်အောင်ဖြိုးကို၊ အသက် ၁၇ နှစ်အရွယ် ကိုညိုမင်း၊ အသက် ၂၈ နှစ်အရွယ် ကိုဇင်မင်း၊ အသက် ၃၃ နှစ်အရွယ် ကိုဇင်ထွန်းနဲ့ အသက် ၅၇ နှစ်အရွယ် ဦးမောင်အေးတို့ ပျောက်ဆုံးနေတယ်လို့ သခင်ဇော်က ပြောပါတယ်။
နယ်မြေရှင်းလင်းရေးလုပ်နေချိန်မှာ စစ်ကောင်စီ စစ်ကြောင်း လာနေတယ်လို့ သတင်းပို့တာကြောင့် လုံခြုံရေးအရ ပြန်လည်ဆုတ်ခွာခဲ့ရပြီး မီးငြှိမ်းသတ်ရေးနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်မပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောစံပြကျေးရွာမှာလည်း အောက်တိုဘာ ၁၃ ရက် ညနေ ၃ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေပေါင်းပြီး NLD ပါတီ ထောက်ခံ ဝန်းရံသူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဇီးတောရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ဇီးတောကျေးရွာက အိမ်ခြေ ၂၆၅ လုံးရှိပြီး NLD ပါတီဝန်းရံတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ရွေးပြီး မီးရှို့ကြတာပါ။ ကျနော်တို့ရွာမှာ ပျူစောထီး အားကောင်းတာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်လာတာလည်း ၈ လကျော်လောက်ရှိနေပြီ။ စစ်(...)အင်အား ၄၀ လောက် အထိုင်ချ တပ်စွဲထားတာလည်း တနှစ်နီးပါးလောက်ရှိနေပြီ။”
ရွာဘက်က မီးခိုးလုံးတွေ၊ မီးတောက်တွေကိုတော့ အဝေးကနေ လှမ်းမြင်နေရပြီး မီးသွားငြှိမ်းပါက ဖမ်းဆီးသတ်ဖြတ်ခံရမှာကြောက်လို့ ဘယ်သူမှ သွားမငြိမ်းရဲဘဲ အိမ်တွေမှာကျန်ခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုလည်း စစ်ကောင်စီတပ်က စိတ်ကြိုက် ခိုးယူကြတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၂၅ ရက်အထိ အိမ်ခြေ ၅,၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၂၈,၄၃၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။