DVB Logo
Home
မြန်မာသတင်း
စစ်တပ်မီးရှို့ခံခဲ့ရသည့် မွေ့တုံရွာ‌ဒေသခံများကို ကျားသစ်နက်တပ်မတော်က ဆန်နှင့်ငွေ ထောက်ပံ့
DVB
·
October 12, 2022
စစ်တပ်မီးရှို့ခံခဲ့ရသည့် မွေ့တုံရွာ‌ဒေသခံများကို ကျားသစ်နက်တပ်မတော်က ဆန်နှင့်ငွေ ထောက်ပံ့
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံ မီးဘေးသင့်ပြည်သူတွေကို ကျားသစ်နက်တပ်မတော်က ဆန်နဲ့ငွေကြေး ထောက်ပံ့ပေးတာတွေကို ဒီနေ့ အောက်တိုဘာ ၁၂ ရက်မှာ ပေးအပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုထောက်ပံ့ပေးခဲ့တာဟာ မွေ့တုံရွာက မီးဘေးသင့် ဒေသခံတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မွေ့တုံကျေးရွာသားတယောက်က “အခုလိုလေး ထောက်ပံ့ပေးတော့ အရမ်းကို ကျေးဇူးတင်ပါတယ်။ ကျ‌ေနာ်တို့ရွာကို စစ်ကောင်စီက လုပ်သွားတာက ဘာမှကို ကုန်းကောက်စရာ မရှိအောင်ကို ဒေသခံတွေ ဖြစ်နေရတယ်။ မီးရှို့တာကလည်း တကြိမ်မကဘူးဗျ။ သုံးကြိမ်အထိ မီးရှို့သွားတာ။ ဒုက္ခကတော့ဗျာ ပြောစရာကိုမရှိအောင်ကို ဖြစ်နေပါပြီဗျာ။ စစ်ကောင်စီကို ဘာပြောချင်လဲဆိုတော့ ပြည်သူနဲ့ PDF တော့ ခွဲခွဲခြားခြားလေး စိစစ်သင့်တယ်။ နောက်ပြီး သူတို့က ပြည်သူပေးတဲ့လစာ ယူထားတဲ့သူတွေပဲ။ တဦးတယောက်ခိုင်းတိုင်း မလုပ်ကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။ အခုလို မိသားစုစိတ်ဓာတ်နဲ့ လာရောက်လှူ‌ပေးတဲ့ ကျားသစ်နက်တပ်မတော်ကြီး လိုရာပန်းတိုင်ကို ရောက်ပါစေ” လို့ ပြောပါတယ်။

ထောက်ပံ့ပေးခဲ့တဲ့ ကျားသစ်နက်တပ်မတော်ဟာ NUG အစိုးရရဲ့ အသိအမှတ်ပြု ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ ဖြစ်တယ်လို့လည်း အဖွဲ့တာဝန်ရှိသူထံက သိရပါတယ်။

ကျားသစ်နက်တပ်မတော် တာဝန်ရှိသူ ကိုဥက္ကာက “ကျနော်တို့ရဲ့ မိဘပြည်သူတွေ ဒုက္ခကို နိုင်သလောက် မျှဝေထောက်ပံ့ပေးရတာပါ။ ကျ‌ေနာ်တို့အဖွဲ့အနေနဲ့ ပြည်သူဒုက္ခရောက်တာ လက်ပိုက်ကြည့်မနေနိုင်ဘူးဗျ။ အဲဒါကြောင့် အခုလို ထောက်ပံ့တာတွေ ပြုလုပ်ပေးရတာပါ။ ထောက်ပံ့ပေးတာက မိသားစုတစုကို ဆန်တတင်းနှုန်းနဲ့ ဆန် ၂၁၉ တင်း၊ တန်ဖိုးငွေအနေနဲ့ ၈,၇၆၀,၀၀၀ ကျပ်နဲ့ နောက်ထပ် အိမ်ထောင်စုတစုကို ငွေသား ၁၀,၀၀၀ ကျပ်နှုန်း ထောက်ပံ့ပေးခဲ့ပါတယ်။ အားလုံး နှစ်ရပ်ပေါင်းကုန်ကျငွေ ၁၀,၉၅၀,၀၀၀ ကျပ်တိတိကို မီးဘေးသင့်ပြည်သူတွေကို လှူဒါန်းပေးနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ပုလဲမြို့နယ်မှာ စစ်ကောင်စီက မီးရှို့ခဲ့တဲ့ကျေးရွာတွေ ရှိနေပြီး မီးရှို့ခံ ဒေသခံတွေ အဆင်မပြေတာတွေလည်း အများအပြား ရှိနေသေးပါတယ်။

မြန်မာနိုင်ငံရဲ့ ရာသီဥတုအရ မကြာခင် ဆောင်းရာသီရောက်ရှိမှာ ဖြစ်တာကြောင့် အနွေးထည်၊ ခြုံစောင်တွေနဲ့ အခြေခံအိမ်သုံးဆေးတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေထံကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013