DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းရွှေအသင်းက ပေါက်ဈေးထက် ကျပ် ၁ သိန်းနီးပါးသက်သာသည့်နှုန်းဖြင့် ရွှေများရောင်းချ
DVB
·
October 12, 2022
ရန်ကုန်တိုင်းရွှေအသင်းက ပေါက်ဈေးထက် ကျပ် ၁ သိန်းနီးပါးသက်သာသည့်နှုန်းဖြင့် ရွှေများရောင်းချ
Donate to DVB

ရန်ကုန်တိုင်းရွှေအသင်းက မီးလင်း (အခေါက်) ရွှေ တကျပ်သားကို ကျပ် ၂၅ သိန်းနှုန်း သတ်မှတ်ပြီး ရောင်းချပေးနေတဲ့ ဈေးနှုန်းက ဈေးကွက်ပေါက်ဈေးနဲ့ယှဉ်ရင် တကျပ်သားကို ကျပ် ၁ သိန်းနီးပါး သက်သာနေတာ တွေ့ရတယ်လို့ ရွှေဈေးကွက်စောင့်ကြည့်သူတွေက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၂ ရက်က ရန်ကုန်မြို့မှာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး အလေးချိန် ၁၂ ပိသာကျော်ရှိ အသင်းသားတွေပိုင်ဆိုင်တဲ့ မီးလင်း (အခေါက်) ရွှေတွေကို အသင်းရုံးခန်းတည်ရှိရာ နေရာမှာ ပထမဆုံးအကြိမ် စတင်ရောင်းချပေးနေတာပါ။

ရောင်းချပေးတဲ့နေရာမှာ မီးလင်း (အခေါက်) ရွှေ တကျပ်သားကို ကျပ် ၂၅ သိန်းနှုန်း သတ်မှတ်ထားတာကြောင့် ဈေးကွက်ပေါက်ဈေးနဲ့ယှဉ်ရင် တကျပ်သားကို ကျပ် ၁ သိန်းနီးပါး သက်သာတဲ့အပြင် လူတယောက်ကို  အလေးချိန် တကျပ်သားကစပြီး ၁၀ ကျပ်သားအထိ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အလားတူ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းကလည်း ပြီးခဲ့တဲ့ရက် အောက်တိုဘာ ၇ ရက်က ရွှေတကျပ်သားကို ၂၅ သိန်း ၄ သောင်း ကျပ်နှုန်း သတ်မှတ်ပြီး လူတယောက်ကို အလေးချိန် ၁၀ ကျပ်သားရှိ (မီးလင်း) အခေါက်ရွှေ တပိုင်းနှုန်း ရောင်းချပေးခဲ့တဲ့အပြင် မဝယ်လိုက်ရတဲ့သူတွေအတွက် အောက်တိုဘာ ၈ ရက်နေ့မှာ ထပ်မံရောင်းချပေးခဲ့တာ ရှိပါတယ်။

ရွှေလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ရောင်းချပေးတဲ့ ရွှေတွေဟာ ဈေးကွက်ပေါက်ဈေးထက် သက်သာနေတာ တွေ့ရပေမဲ့ တဖက်မှာ အရည်အသွေး grade မပြည့်ဘူးလို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရွှေလုပ်ငန်းရှင်တယောက်က “ရွှေအသင်းက ရောင်းချပေးတဲ့ ရွှေတွေဟာ ရွှေဆိုင်တွေက ရောင်းချပေးတာဖြစ်လို့ အကယ်ဒမီ (မီးလင်း) အခေါက်ရွှေလို စံချိန်မမီဘူးလို့ ပြောကြတယ်ပေါ့။ ဆိုတော့ ပြောချင်တာက ရွှေတွေက အတော်များများက စံချိန်မီပါတယ်။ သူ့ဆိုင်ရာ ဆိုင်တံဆိပ်တွေ ပါတယ်လေ။ ဒါက ဘာနဲ့တူလဲဆိုရင် ဥပမာ မြန်မာနိုင်ငံမှာ တိုယိုတာကုမ္ပဏီကထုတ်တဲ့ကားကို လူတွေက ပိုကြိုက်ကြတဲ့အတွက် တိုယိုတာကားက တခြားကားတွေထက် ဈေးနည်းနည်း ပိုကြီးသွားတယ်နော်။ ကားပုံစံနဲ့ မော်ဒယ် ပုံစံချင်းကအစ အတူတူဖြစ်နေပေမဲ့ တိုယိုတာကားက ဈေးနည်းနည်း ပိုပေးရတယ်။ ထိုနည်းတူပဲ အကယ်ဒမီ (မီးလင်း) အခေါက်ရွှေက တနိုင်ငံလုံးမှာ သူက ဈေးကွက်ရထားပြီးသား ဖြစ်တာကြောင့် တခြားတံဆိပ်တွေက ဈေးကွက်မှာ သူနဲ့ယှဉ်ရင် ဈေးနှိမ်ခံရတယ်။ ဒီလိုမျိုးတော့ရှိတယ်။ ဒါပေမဲ့ အမှန်တကယ်သုံးမယ့်သူတွေ အတွက်ကတော့ ရွှေကောင်းမယ်၊ grade ပြည့်တယ်ဆိုရင် ဘာပြဿနာမှ မရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာလည်း ကမ္ဘာ့ရွှေဈေးက ဒီကနေ့ အောက်တိုဘာ ၁၂ ရက်မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၁,၆၆၄ ဒေါ်လာသာ ရှိတဲ့အတွက် အခုရက်သတ္တပတ်အတွင်းမှာ ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၅၆ ဒေါ်လာ ကျဆင်းခဲ့တာ တွေ့ရပါတယ်။

အလားတူ ပြည်တွင်းရွှေဈေးကွက်မှာလည်း အကယ်ဒမီ (မီးလင်း) အခေါက်ရွှေဈေးက အခုရက်သတ္တပတ်အတွင်းမှာ တကျပ်သားကို ကျပ် ၁ သိန်းနီးပါး ကျဆင်းခဲ့ပါတယ်။

ဒါကြောင့် ကမ္ဘာ့ရွှေဈေး ကျဆင်းမှုနဲ့အတူ ပြည်တွင်းရွှေဈေးကလည်း လိုက်ပါကျဆင်းမှု ရှိခဲ့တဲ့အပြင် ရွှေလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ရွှေတွေ ထုတ်ရောင်းပေးလာတာကလည်း ပြည်တွင်းရွှေဈေးကွက်အပေါ် သက်ရောက်မှု ရှိစေပါတယ်။

ရွှေဈေးကွက်စောင့်ကြည့်လေ့လာသူတယောက်က “အခုလို ရွှေတွေထုတ်ရောင်းလာတဲ့အခါ တော်ရုံတန်ရုံ ဝယ်ချင်တဲ့သူတွေကတော့ နောက်ဆုတ်သွားကြတာပဲ။ နောက်ဆုတ်သွားတယ်ဆိုတော့ ဈေးကွက်မှာ ဝယ်လိုအား လျှော့သွားတာကို ပြောတာပါ။ အဲ့တော့ ဈေးကွက်မှာ ရောင်းချင်တဲ့ဘက်က ဈေးကို နည်းနည်းချပြီး ရောင်းလာရတာပေါ့။ ဒါပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အဓိက (Main Point) ရှိနေတာက ဒေါ်လာငွေကြေးနော်။ ဒေါ်လာလဲလှယ်နှုန်းကျလာမှ ရွှေ အပါအဝင် ကျန်တဲ့ ကုန်ပစ္စည်းတွေကလည်း သူ့အချိုးအတိုင်း ကျလာမှာ။ ဥပမာ ဒေါ်လာလဲလှယ်နှုန်းက ဒီကနေ့ ၂,၉၀၀ နဲ့ ၃,၀၀၀ ကျပ် အကြားမှာ ရှိတယ်ဆိုပေမဲ့ တကယ်လို့ ၄,၀၀၀ ကျပ်နီးပါး ဖြစ်သွားမယ်ဆိုရင် ရွှေအသင်းတွေဘက်က ဘယ်လောက်အရှုံးခံနိုင်ပြီး ရောင်းနိုင်မှာလဲ။ ဒါကို ဘယ်လိုမှ ထိန်းလို့မရဘူးနော်။ ဒီကနေ့ ကမ္ဘာ့ရွှေဈေးကို ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့တွက်ရင် ပြည်တွင်းမှာ ရှိသင့်ရှိထိုက်တဲ့ အကယ်ဒမီ (မီးလင်း) အခေါက်ရွှေဈေးက တကျပ်သားကို ၂၆ သိန်းဝန်းကျင် ရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းရွှေရောင်းဝယ်ရေးဈေးကွက်မှာ အကယ်ဒမီ (မီးလင်း) အခေါက်ရွှေဈေးဟာ ၂၀၂၂ ခုနှစ် သြဂုတ်လမှာ တကျပ်သားကို ကျပ် ၃၈ သိန်းနီးပါးအထိ ရောက်ခဲ့ပြီး စံချိန်တင် အမြင့်ဆုံး ရှိခဲ့တာပါ။ ဒီဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်က စံချိန်တင်အမြင့်ဆုံးဖြစ်ခဲ့တဲ့ ကျပ် ၂၃ သိန်းကျော် ဈေးနှုန်းထက် ကျော်လွန်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013