
မြောက်ကိုရီးယား စစ်သုံ့ပန်းတွေနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတခုမှာ ယူကရိန်းဘက်မှ “အပြုသဘောဆောင် တုံ့ပြန်မှု” မရှိတဲ့အတွက် ယူကရိန်းနိုင်ငံရှိ တောင်ကိုရီးယား သံရုံးဝန်ထမ်းတွေကို ထပ်မံရုပ်သိမ်းသွားမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၀ ရက်မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံက ဖမ်းဆီးရမိထားတဲ့ မြောက်ကိုရီးယား စစ်သား ၂ ယောက်ကို တောင်ကိုရီးယားနိုင်ငံဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သမ္မတ ဇလန်းစကီးက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့ပြီးနောက် တောင်ကိုရီးယားဟာ သူတို့ရဲ့ သံအမတ်ကြီးကို ဒီလအတွင်းမှာပဲ ပြန်လည်ခေါ်ယူခဲ့တာပါ။
ဒီလို ထုတ်ဖော်ပြောကြားလိုက်တာဟာ မြောက်ကိုရီးယားမှာ ကျန်ရစ်ခဲ့တဲ့ စစ်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် အချက်အလက်တွေကို သိုသိုသိပ်သိပ်ထားဖို့ သဘောတူညီထားချက်ကို ချိုးဖောက်ရာ ရောက်သွားတယ်လို့ ဆိုးလ်ဘက်က ပြောပါတယ်။
တောင်ကိုရီးယားရဲ့ သဘောထားနဲ့ ရပ်တည်ချက်ကို ယူကရိန်းဆီ နည်းလမ်းမျိုးစုံနဲ့ အကြောင်းကြားခဲ့ပေမဲ့ လုံလောက်တဲ့တုံ့ပြန်မှု မရရှိခဲ့ဘူးလို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘတ်ဒူဆွန်းက ပြောပါတယ်။
ဘတ်ဒူဆွန်းက “ယူကရိန်းတဝန်း လေကြောင်းတိုက်ခိုက်မှု ခြိမ်းခြောက်မှုတွေ ဆက်ရှိနေတာကြောင့် လုံခြုံရေးအတွက် အာမခံဖို့ ခက်ခဲတာရယ်၊ သံအမတ်ကြီးကို ပြန်ရုပ်သိမ်းခဲ့ပြီးနောက်မှာလည်း ယူကရိန်းဘက်က ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမျိုး မရှိခဲ့တာတွေကြောင့် အစိုးရအနေနဲ့ သံရုံးဝန်ထမ်းအချို့ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် “ဒီပြဿနာကို အဆင်ပြေပြေ ဖြေရှင်းနိုင်ဖို့နဲ့ ၂ နိုင်ငံကြား ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အခုလို ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သုံးသပ်မိတာကြောင့် ဖြစ်ပါတယ်” လို့လည်း သူက ပြောပါတယ်။
Source: Reuters











