
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရွှေအောင်သာကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ အောက်တိုဘာ ၁၀ ရက် မနက်အစောပိုင်းက ရိက္ခာသယ် စစ်ကြောင်း ထိုးလာစဉ် ရွှေအောင်သာအထိုင်တပ်အနီးမှာ ထောင်ထားတဲ့ မိုင်းကို တက်နင်းမိလို့ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ YDFထီးလင်းရဲ့တာဝန်ခံ သခင်ဇော်က က ပြောပါတယ်။
"သူတို့တွေက ရွှေအောင်သာမှာ တပ်စွဲနေတာ ကြာနေပြီ။ အောင်းရွာဘက်ကို ရိက္ခာတွေ အမြဲ သွားသယ်နေတာကြောင့် တိုက်မိုင်းတွေ အများအပြား ထောင်ထားတာ။ ရိက္ခာတခါသယ်ရင် အနည်းဆုံး ၂၀ လောက်ပါတယ်။"
ပေါက်ကွဲသံကြားရပြီးနောက်အနီးပတ်ဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခဲ့ တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုအပြီးမှာ သွားရောက်စစ်ဆေးရာ YDF(Htilin) ထောင်ထားတဲ့ မိုင်းပေါက်ကွဲခဲ့တာ တွေ့ရပြီး သွေးစ၊သွေးနတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ဖိနပ်ရာတွေ တွေ့ကြရတာကြောင့် အနည်းဆုံး တယောက်ကနေ ငါးယောက်အထိ သေဆုံးဒဏ်ရာ ရနိုင်တယ်လို့ ခန့်မှန်းပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ တပ်စွဲနေထိုင်တဲ့ ရွှေအောင်သာရွာဟာ ချင်းလူမျိုးတွေ အများဆုံး နေထိုင်ပြီး လတ်တလောမှာတော့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသခံနေအိမ် ၆၀ ဝန်းကျင်ရှိပြီး ဒေသတွင်းမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာဟာ ၁ နှစ် ကျော် ရှိနေပါပြီ။