DVB Logo
Home
မြန်မာသတင်း
မွန်အဖွဲ့အစည်းများ ကန့်ကွက်တားမြစ်နေသည့်ကြားမှ မွန်ပြည်သစ်ပါတီ နေပြည်တော်ကို ထပ်မံသွားရောက်
DVB
·
October 11, 2022
မွန်အဖွဲ့အစည်းများ ကန့်ကွက်တားမြစ်နေသည့်ကြားမှ မွန်ပြည်သစ်ပါတီ နေပြည်တော်ကို ထပ်မံသွားရောက်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ်အဖွဲ့ဟာ  အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို  ဒုတိယအကြိမ်တက်ရောက်ဖို့ နေပြည်တော်မှာ ရောက်ရှိနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ သူတို့ တရားဝင်ဖြစ်ရေးနဲ့ နိုင်ငံရေးထွက်ပေါက်ရှာဖို့သာ ဖြစ်တဲ့အတွက် မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာတွေ ထပ်မလုပ်ဖို့ မွန်နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ မွန်အဖွဲ့အစည်း ၁၀ ဖွဲ့က အိတ်ဖွင့်စာပေးပို့ တောင်းဆိုထားတဲ့ကြားက မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ကို ထပ်မံသွားရောက်နေတာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ ၁၀ ရက် မနေ့မွန်းလွဲပိုင်းက  နေပြည်တော်ရှိ Horizon Lake View Resort ဟိုတယ်ကို မော်တော်ယာဉ်တွေနဲ့ ရောက်ရှိကြတာလို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ် အဖွဲ့ဟာ ၂၀၂၂ ခုနှစ် မေလ ၂၃ ရက်မှ ၂၅ ရက်အထိ  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ပထမအကြိမ် ဆွေးနွေးပွဲမှာ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ကြိုးပမ်းကြဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ဆိုပါတယ်။

အခုဒုတိယအကြိမ် လာရောက်ဆွေးနွေးရာမှာလည်း  စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ရော စစ်ကောင်စီဩဇာခံနဲ့ပါ တွေ့ဆုံဆွေးနွေးကြဖို့ရှိပြီး ဆွေးနွေးမယ့်အကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ဧပြီလမှာ စတင်ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ပထမအကြိမ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ မေလကစတင် တဖွဲ့ချင်းတွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဩဂုတ်ကစတင်ပြီး ထပ်မံတွေ့ဆုံနေတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သွားရောက်တဲ့ အဖွဲ့အများစုဟာ  ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပါတယ်။

အခုလက်ရှိ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတဲ့ KNU၊ KIA ၊ KNPP ၊ CNF ၊ AA နဲ့ TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိတဲ့အတွက်  သွားရောက်ခြင်းမရှိပါဘူး။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ဖက်ဒရယ်အခွင့်အရေးတွေ ပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေကိုသာ ပေးအပ်မှာဖြစ်ကြောင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ လက်နက်ဆက်လက်ကိုင်ဆောင်လိုပါက နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းရမယ်လို့ ပြောဆိုထားပါတယ်။

Photo- DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013