
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ကနေ ရန်ကုန်မြို့ကို အလုပ်သွားလုပ်ရင်း ပျောက်ဆုံးသွားတဲ့ ကိုမင်းထက်ဦး ဟာ ရန်ကုန်မြို့မှာ စစ်အာဏာရှင်တပ်မှာ ဖမ်းခံရပြီး စစ်မှုထမ်း စုဆောင်းခံထားရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်က ငပုတောမြို့နယ်ကနေ ရန်ကုန်မြို့ကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ကိုမင်းထက်ဦးဟာ မိသားစုဝင်တွေနဲ့ စက်တင်ဘာ ၃ ရက် မနက် ၉ နာရီလောက်အထိ ဖုန်းအဆက်အသွယ်ရရှိခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တာလို့ သိရပါတယ်။
အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာတော့ မိသားစုဝင်တွေနဲ့ ဖုန်းအဆက်အသွယ် ပြန်လည်ရရှိခဲ့ပြီး ကိုမင်းထက်ဦးဟာ စစ်သားစုဆောင်းရေးတပ်ကို ပို့ဆောင်ခံထားရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ယောက်က “ကိုမင်းထက်ဦးနဲ့ သူ့မိသားစုဝင်တွေ ဖုန်းအဆက်အသွယ် ပြန်ရတယ်လို့ သိရပါတယ်။ ရန်ကုန်အဝေးပြေးကားပေါ်က ဆင်းတဲ့အချိန်မှာ လူ ၅ ယောက်က ဖမ်းခေါ်သွားပြီး ဒညင်းကုန်းတပ်သားသစ် စုဆောင်းရေးတပ်ထဲကို ပို့ဆောင်ခံရတာပါ” လို့ ပြောပါတယ်။
ကိုမင်းထက်ဦးနဲ့ မိသားစုဝင်တွေ ဖုန်းအဆက်အသွယ် ပြန်လည်ရရှိပြီးနောက် မိသားစုဝင်တွေက ရန်ကုန်မြို့ရှိ ဒညင်းကုန်း တပ်သားသစ်စုဆောင်းရေးတပ်ကို လိုက်သွားခဲ့ပေမဲ့ တွေ့ဆုံခွင့်မရခဲ့သလို လက်ရှိအချိန်အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာလည်း ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ လေးမျက်နှာမြို့နယ်က လူငယ် ၂ ယောက်ဟာ လှိုင်သာယာမြို့နယ်ထဲမှာ ဖမ်းခံရပြီး စစ်မှုထမ်းသင်တန်းပို့ခံခဲ့ရပါတယ်။
သြဂုတ် ၂၀ ရက်ကလည်း ငပုတောနဲ့ ကျုံပျော်မြို့နယ်က လူငယ်တချို့ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီး ကျုံပျော်မြို့နယ်ကနေ ငပုတောမြို့နယ်ဘက်ကို ကားနဲ့ခေါ်လာတုန်း တချို့က ကားပေါ်ကနေ ခုန်ချထွက်ပြေးခဲ့ပါတယ်။











