DVB Logo
Home
မြန်မာသတင်း
စစ်တပ်က လက်နက်ကြီးပစ်ခတ်နေသဖြင့် မင်းကင်းနှင့်မြောင် ဒေသခံများ နေရပ်စွန့်ထွက်ပြေး
DVB
·
October 8, 2022
စစ်တပ်က လက်နက်ကြီးပစ်ခတ်နေသဖြင့် မင်းကင်းနှင့်မြောင် ဒေသခံများ နေရပ်စွန့်ထွက်ပြေး
Donate to DVB

စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ်အတွင်း ကခုံသာ နဲ့ ဖရုံကာကျေးရွာတွေကို  အောက်တိုဘာ ၈ ရက်နေ့ ညနေ ၃ နာရီမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ‌ထွက်ပြေးနေရတယ်လို့ မင်းကင်းဒေသခံတွေ ပြောပါတယ်။

ဒေသခံတဦးက “မင်းကင်း ကနေ ပျူနဲ့ စစ်ကောင်စီတပ်တွေ ပေါင်းပြီး အဲဒီရွာတွေကို လက်နက်ကြီးနဲ့ပစ်နေတာ။ ကျနော်တို့ ကပြစ်ရွာနဲ့ သင်္ဘောရွာနားမှာ ရွှေမျော တိုက်ဖို့ လာတာကို ဒေသခံတွေက လက်မခံလို့ သူတို့က စစ်ကောင်စီကို ခေါ်လာတာကြောင့် အခုလို အကြမ်းဖက် ဖြိုခွင်းနေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မင်းကင်းမြို့ဘက်ကနေ အောက်တိုဘာ ၇ ရက်က ထွက်လာပြီး ည‌  ၇ နာရီခွဲ မှာ ဖရုံကာရွာကို  မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၆၀ ကျော် မီးလောင်ခဲ့ပြီး အောက်တိုဘာ ၈ ရက်မှာ လည်း ခုံသာရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက အခုလိုလုပ်ဆောင်နေတာကြောင့် ချောင်းဝရွာ၊  ခုံသာရွာ၊ ဖရုံကာရွာ၊ ကပြစ်ရွာ၊ သင်္ဘောရွာ၊ ရေမြေရွာ၊ အူရွာစတဲ့အနီးဝန်းကျင်ကျေးရွာက ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေး နေကြရတယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က အိမ်ခြေ ၂၅၀ ကျော်ရှိတဲ့ ညောင်ကားယားရွာကို အောက်တိုဘာ ၈ ရက် မနက် ၆ နာရီက စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ကျေးရွာကို မီးရှို့နေတာကြောင့် ဒေသခံ ၁၅၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်ဒေသခံ ကိုသမန်းကျားက “လာတာက မြင်းခြံကနေ ဧရာဝတီမြစ်ကိုဖြတ်ပြီး မြောင်နယ်ဘက်ကို ကူးလာတဲ့ စစ်တပ်ပါ။ လာပြီး ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်လာတာ။ ရွာသားတွေကတော့ ဘာပစ္စည်းမှ မယူနိုင်ခဲ့ ကြဘူး။ အသက်လွတ်အောင် ထွက်ပြေးခဲ့ရတယ်။ ရွာကိုတော့ မီးရှို့တယ်။ ဘယ်သူမှ ရွာထဲ မဝင်ရဲသေးတော့ မီးလောင်တဲ့ အိမ်ခြေအတိကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မြောင်မြို့နယ်အတွင်း ညအချိန် စစ်ကြောင်းထိုးတာတွေ ပြုလုပ်လေ့ ရှိသလို ဧရာဝတီတစ်ဖက်ကမ်း မြင်းခြံဘက်က စစ်ကောင်စီတပ်က ရုတ်တရက် စစ်ကြောင်း ထိုးလာတာတွေ လုပ်ကိုင်လေ့ရှိတာကြောင့် ဒေသခံတွေ နေထိုင်ရတာ လုံခြုံမှု မရှိဘဲ ဖြစ်နေရ တယ်လို့ မြောင်ဒေသခံတွေက ပြောပါတယ်။

ကသာခရိုင်၊ ကောလင်းမြို့မှာလည်း အောက်တိုဘာ ၈ ရက် မနက်ပိုင်းက ဖုန်းလိုင်းတွေ ဖြတ်တောက်ကာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေသံကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Kawlin Info အဖွဲ့က "ထွေအုပ်ရုံးဘက်ကနေ မနက် ၅ နာရီ အချိန်လောက်က လက်နက်ကြီး ပစ်ခတ်သံ ၅ လုံး ကြားရတယ်။ ၉ နာရီခွဲလောက်မှာ လက်နက်ကြီး လက်နက်ငယ်ပစ်သံ‌တွေ ဆူညံ‌နေတယ်။ မြို့ပေါ်မှာ ဖုန်းလိုင်းတွေ အကုန်ဖြတ်ထားတယ်" လို့ ထုတ်ပြန်ပြောဆိုပါတယ်။

ဒါ့အပြင် ကောလင်း-ကန်ဘလူနယ်စပ် အင်ခုံနဲ့ အောက်ကျင်းကြား ရောက်နေတဲ့ စစ်ကောင်စီ တပ်က အောက်တဲရွာ‌နားက တောထဲမှာ စစ်ဘေးရှောင်နေတဲ့ ကိုလှတင့်နဲ့ ကိုဝင်းနိုင်တို့ကိုလည်း ဓားစာခံ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Kawlin Info အဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

ကန့်ဘလူ၊ ဇင်းတိုက်နယ်၊ ဇင်းရွာက စစ်‌ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေက လင်းနို့ဂူနဲ့ ဂါးဂလှော် ဘက်ကို ဆက်လက် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013