
စစ်ကိုင်းတိုင်း၊ ရွှေဘို-ခင်ဦးသွား ကားလမ်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၃၀ ရက်က စတင်ပြီး ဒီနေ့ အောက်တိုဘာ ၆ ရက်နေ့အထိ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီလမ်းပိုင်းဟာ ရေဦး-ညောင်ပင်ကြီးစု-ညောင်ပင်သာ-ရွှေဘိုသွား ကားလမ်းတခု ဖြစ်တယ်လို့လည်း သိရပါတယ်။
ခင်ဦးမြို့နယ် ဒေသခံရွာသားတယောက်က “လမ်းပိတ်ထားတာက ရက်တပတ်ကျော်နေပြီဗျ။ ဘာကြောင့်ပိတ်တယ်တော့ မသိရဘူး။ ဘယ်နားကနေ စစ်ကောင်စီက ပိတ်တာလဲဆိုတော့ ရွှေဘိုမြို့နယ် ညောင်ပင်သာ စိုက်ပျိုးရေးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်က ပိတ်ထားတယ်။ လမ်းမပေါ် သဲအိတ်တွေနဲ့ပိတ်ပြီး လမ်းကို ပိတ်ထားတာဗျ” လို့ ပြောပါတယ်။
အခုလို စစ်ကောင်စီက လမ်းပိတ်ထားတာကြောင့် ကုန်ကား၊ အိမ်စီးကား၊ ခရီးသွားလိုင်းကား အပါအဝင် ကားအစီးရေ ဒီနေ့ထိ ၁၂၇ စီးနဲ့ လူဦးရေ ၃၀၀ ကျော် ပိတ်မိနေတာလို့လည်း သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်အမျိုးသမီးတယောက်က “ဒါက ကျမတို့ ခင်ဦးမြို့နယ်ကို ဆက်သွယ်ရေး၊ အစားအသောက်၊ ရိက္ခာ၊ ကုန်ပစ္စည်းလမ်းကြောင်း ဖြတ်တောက်တာ ဖြစ်နိုင်တယ်။ အဲ့လမ်းကနေ သွားမရလို့ တခြား ရွှေဘို-ခင်ဦး-မဟာနန္ဒာ ကန်တော်လမ်း (ဒေသအခေါ် OMC မူးဘောင်) ကနေ ဒေသခံတွေက ကွင်းသွားကြတယ်။ အဲလိုသွားလို့ စစ်ကောင်စီက မနေ့ အောက်တိုဘာ ၅ ရက်နေ့က အဲလမ်းကို လာပြီး တွေ့သမျှ ဆိုင်ကယ်တွေ သူတို့ ရဲကား ၃ စီးနဲ့ လာသိမ်းသွားတယ်။ ကျမတို့ ပြည်သူတွေကို အခုလိုလုပ်တာဟာ ကျမတို့ကတော့ လုံးဝလက်မခံနိုင်ဘူး။ အခွင့်အရေးရရင် ရသလို တိုက်ခိုက်တာတွေ လုပ်သွားမယ်” လို့ ပြောပါတယ်။
သိမ်းဆည်းသွားတဲ့ ဆိုင်ကယ်အစီးရေ ၆၀ ကျော်ထဲက လိုင်စင်ပါတဲ့ ဆိုင်ကယ်တွေကို ၂ သိန်းကျပ်နဲ့ ပြန်ရွေးခိုင်းနေတယ်လို့လည်း ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။