
အက်စတွန်ဗီလာအသင်းဟာ Sky Sports ဘောလုံးဝေဖန်သူ ဂျေမီကာရေဂါကို ဥပဒေကြောင်းအရ အရေးယူမဲ့ အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
လီဗာပူး ကစားသမားဟောင်း ကာရေဂါဟာ အင်တာဗျူးတခုမှာ ဗီလာနည်းပြ အူနိုင်းအမ်မရီနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
ကာရေဂါက ဗီလာအသင်းဟာ မန်ယူအသင်းလို အသင်းကြီး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့သလို ပရိသတ်တွေကိုလည်း ပါးစပ်ပိတ်ထားပါဆိုပြီး ပြောခဲ့တာပါ။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကာရေဂါက သူ့ရဲ့ သုံးနှုန်းမှုတွေဟာ လွဲမှားခဲ့ကြောင်းနဲ့ မသင့်တော်ခဲ့ကြောင်း လူမှုကွန်ရက်ကနေ တောင်းပန်ခဲ့ပါတယ်။
သူ့အနေနဲ့ စနောက်ပြီး ပြောဆိုခဲ့တာဖြစ်ပေမဲ့ ပရိသတ်တွေ လက်မခံနိုင်တာကို နားလည်ကြောင်းလည်း ဆိုပါတယ်။
ကာရေဂါဘက်က တရားဝင် တောင်းပန်လိုက်တာကြောင့် ဗီလာအသင်းကလည်း တရားစွဲဆိုမဲ့ ခြိမ်းခြောက်မှုကို ရုပ်သိမ်းပေးခဲ့ပါတယ်။











