DVB Logo
Home
Lead Story
ကရင်နီဒေသ တိုက်ပွဲများကြားတွင် ရှင်သန်နေရတဲ့အမျိုးသမီးတွေ
DVB
·
October 6, 2022
ကရင်နီဒေသ တိုက်ပွဲများကြားတွင် ရှင်သန်နေရတဲ့အမျိုးသမီးတွေ
Donate to DVB

“ရွာမှာက စစ်သားတွေ ရောက်နေတယ်ကောနော်။ ညတစ်ခေါက်မှာ ကောင်မလေးတစ်ယောက်ရဲ့ အိမ်ထဲကိုလည်း တက်သေးတယ်။ ကိုယ်က မပြေးနိုင် မလွှားနိုင်တဲ့သူ။ တစ်ယောက်တည်းဆိုတော့လည်း ကြောက်တယ်လေ။ ဒါကြောင့်ဒီဖက်ကို တက်လာလိုက်တာ” ဟု စစ်ရှောင်စခန်းတစ်ခုတွင်ရောက်ရှိနေသည့် ဒေါ်နန်း (အမည်လွဲ)မှ ပြောပြနေခြင်းဖြစ်သည်။

ဒေါ်နန်းသည် မသန်းစွမ်းအမျိုးသမီးတစ်ဦးဖြစ်သည်။ စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်များအကြား တိုက်ပွဲများပြင်းထန်နေသည့် ကရင်နီပြည်နယ်ရှိဒေါ်နန်း၏ ကျေးရွာသည် စစ်ကောင်စီများ စခန်းချနေထိုင်သည့် နေရာဖြစ်သည့်အပြင် အချိန်မရွေး တိုက်ပွဲများ ဖြစ်နိုင်သည့်အတွက် စစ်ရှောင်စခန်းဆီသို့ သွားရောက် ခိုလှုံနေခြင်းဖြစ်သည်။

“ခြေထောက်ကောင်းတဲ့သူတွေက ညအချိန်ပဲဖြစ်ဖြစ် ဘယ်အချိန်ပဲဖြစ်ဖြစ် ကားပေါ်ဆိုင်ကယ်‌ပေါ်ကို တက်လို့ရတယ်လေး။ ကျွန်မကျတော့ တုတ်မပါပဲနဲ့ သွားလို့မရဘူး။ ဓာတ်မီးကိုင်မယ်ဆိုလည်း တုတ်ကကိုင်လို့ မရတော့ဘူးလေ”

မသန်စွမ်းအမျိုးသမီးတစ်ဦးဖြစ်သည့် ‌ဒေါ်နန်းအဖို့ စစ်ရှောင်စခန်းသည် ပို၍လုံခြုံသော်လည်း နေထိုင်ရာတွင် အခက်အခဲများစွာရှိသည်။ တစ်ဦးတည်းသာရှိသည့် ဒေါ်နန်းအဖို့ ချက်ဖို့ပြုတ်ဖို့အပြင်၊ ညဖက်အိပ်စက်ရာတွင် လည်းအဆင်မပြေကြောင်း ပြောပြခဲ့သည်။

“ကိုယ့်အိမ်ကိုယ့်နေရာမဟုတ်တဲ့အတွက် ဒုက္ခလည်းရောက်တယ်။ တစ်နေရာပြီး တစ်နေရာ‌ရွေ့ရတယ်။ အစတုန်းက စာသင်ကျောင်းမှာနေတယ်။ ဒါပေမယ့်စာပြန်သင်မယ်ဆို‌တော့ ဒီဖက်ကို ပြောင်းလာလိုက်တယ်။ ပိုက်ဆံလည်းတော်တော်ကုန်တယ်” ဟုလည်းဆိုသည်။
‌‌
စာသင်ကျောင်းအနီး လယ်ကွင်းထဲတွင် အလှူရှင်များ‌ ထောက်ပံ့ပေးသည့် မိုးကာနှင့်ဝါးများဖြင့် တဲအိမ်ကိုယ်စီဆောက်၍ ပြောင်းရွှေ့နေထိုင်ကြခဲ့သည်။ အခြားမိသားစုဝင်များအဖို့ တဲဆောက်ရာတွင် အခက်ခဲမရှိသော်လည်း ‌ဒေါ်နန်းအဖို့ များစွာအခက်ခဲ ရှိခဲ့သည်။ သို့သော် အခြားသူများ၏ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးမှုကြောင့်သာလျှင် ထိုအခက်ခဲများအား ကျော်လွှားနိုင်ခဲ့သည်။

ဒေါ်နန်း၏ တဲကို ကူညီတည်ဆောက်ပေးခဲ့သည့် ဒေါ်မူ (အမည်လွဲ)က “ဒီတဲကိုလည်း ကျွန်မကိုယ်တိုင်ပဲ ဆောက်တယ်။ ကျွန်မတဲပြီးတော့ မလုပ်နိုင်တဲ့ အစ်မတစ်ယောက်ရဲ့တဲကို လုပ်ကူပေးတယ်။ ဘာလို့ဝိုင်းကူပေးလဲဆိုတော့ ကျွန်မတို့အားလုံးက ဒုက္ခသည်တွေပဲဖြစ်တယ်။ ကျွန်မတို့ မိသားစုက ဒုက္ခသည်ပဲ ဒါပေမယ့် သူကဒုက္ခသည်လည်း ဟုတ်တယ်၊ ဒုက္ခိတလည်းဖြစ်နေတော့ ပိုဆိုးတယ်။ နှစ်ဆင့်လိုခံစားနေရတာဖြစ်တဲ့အတွက် ကိုယ်ချင်းစာတယ်။ ဒါကြောင့်ဝိုင်းပြီးလုပ်ကူနေရတာပါ။ ဒါလောက်ပဲတတ်နိုင်တယ်။ ခွန်အားနဲ့ပဲပေါ့” ဟု ‌ပြောသည်။

ဒေါ်မူသည် ဒေါ်နန်း၏တဲနဘေးတွင် ကလေးကိုးယောက်နှင့်အတူ စစ်ရှောင်နေခြင်းဖြစ်သည်။ ဒေါ်နန်းလိုပင် ‌‌ဒေါ်မူသည်လည်း စစ်ရှောင်စခန်းထဲတွင် အခက်ခဲဆုံးသော မိသားစုတစ်စုပင်ဖြစ်သည်။ သားသမီးအရေး ကိုယ်တိုင်ဦးဆောင်နေရသည့် အိမ်ထောင်ဦးစီး မိခင်တစ်ယောက်အဖို့ ယခုလို စစ်ရှောင်နေရသည့် အချိန်တွင်ပို၍ပင် ခက်ခဲနေခဲ့သည်။

“အိမ်မှာနေလည်း ကျွန်မပဲဦးဆောင်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေဖြစ်နေတယ်ကော။ ပြီးတော့ ကလေးလည်းများတယ်။ ယောင်္ကျားဆိုလည်း သောက်တယ်စားတယ်။ အရက်လည်းအရမ်းသောက်တော့ အလုပ်ကိုပုံမှန်မလုပ်နိုင်ဘူး။ ငွေရေးကြေးရေး၊ စားဝတ်နေရေး အခုစစ်ဘေးရှောင်ရတဲ့အချိန်မှာလည်း ကိုယ်ပဲ ဦးဆောင်ရတယ်”

ဒေါ်မူသည် သားသမီးများ၏လက်ကိုဆွဲ၍ စစ်ရှောင်စခန်းတစ်မှတစ်ခုသို့ ဦးဆောင်ခေါ်သွားခဲ့ရသည်။ မိသားစု လုံခြုံနွေးထွေးစွာ နေထိုင်နိုင်ဖို့အရေး သူမကိုယ်တိုင်တဲများကို ဆောက်လုပ်ခဲ့သည်။ ယခင်ကတည်းကပင် တောင်ယာတဲများအား ကိုယ်တိုင်တည်ဆောက်ခဲ့ရသည့် ဒေါ်မူအဖို့ တဲဆောက်ရာတွင် အတွေ့အကြုံရှိထားပြီးဖြစ်သည်။

အသားညိုညို ပိန်ပိန်သွယ်သွယ် အမျိုးသမီးတစ်ယောက်ဖြစ်သည့် ဒေါ်မူသည် သားသမီးအတွက် ရှေ့ဆုံးမှ မားမားမတ်မတ် ရပ်တည်ပေးနေရသည့် မိခင်တစ်ဦးလည်းဖြစ်သည်။ သူ၏အမျိုးသားဖြစ်သူသည် ဒေါသကြီးသည့်အပြင် အရက်ကိုသာ သောက်သုံးနေသည့်အတွက် မိသားစုတာဝန်အား သူကိုယ်တိုင်ထမ်းရွက် နေရခြင်းဖြစ်သည်။

“ရတဲ့ယောင်္ကျားကလည်း တော်သလားလို့မမေးနဲ့။ ဒေါသနဲ့မောဟပဲရှိတယ်။ အခုကျွန်မယောင်္ကျားကို အိမ်မှာပဲထားခဲ့လိုက်ပြီး ကျွန်မတို့ပဲ ဒီနေရာမှာလာပြီး စစ်ရှောင်နေလိုက်တယ်။ သူကလည်းမလိုက်ချင်ဘူး။ ဘာလုပ်မလဲ။ ကျွန်မကလေးနဲ့နေရတာနွေးထွေးပြီ” ဟုဆိုသည်။

သို့သော် တစ်ခါတစ်ရံစိတ်ဓာတ်ကျဝမ်းနည်းမိ သည့်အချိန်များလည်းရှိခဲ့သည်။

“တော်တော်ခံစားရတယ် ဘယ်နေရာမှာမဆို ကိုယ်ပဲဦးဆောင်နေရတယ်ဆိုတော့။ ဝမ်းနည်းတာလည်းရှိတယ်။ ပျော်ရွှင်တာလည်းရှိတယ်။ ပူပန်တာလည်း အများကြီးရှိတယ်။ ခံစားချက်တွေကလည်း‌ ရောထွေးနေတော့ ရှုပ်နေတာပဲ။ ခံစားရတာတွေတော့ အများကြီးပဲ ပြောလို့လည်း ကုန်မယ်လို့မထင်ဘူး။” ဟု သူခံစားချက်အားဖွင့်ဟ ဝန်ခံခဲ့သည်။

ဒေါ်မူ၏မျက်နှာတွင် ကြေကွဲဝမ်းနည်းမှုများ ရှိနေသော်လည်း သားသမီးများအတွက် သူဆက်၍ရှင်သန်ရမည်။ ကြိုးစားရမည်ဟူသည့် မိခင်စိတ်ဓာတ်အပြင် ဖခင်တစ်ဦးလို သန်မာသည့် စိတ်ဓာတ်လည်း ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်သည်။

စားဝတ်နေရေး၊ ကျန်းမာရေး၊ ငွေရေးကြေးရေးအတွက် စစ်ရှောင်စခန်းအနီးရှိ ကျေးရွာများတွင် နေ့စားအလုပ်များ လုပ်၍သော်လည်းကောင်း၊ နေ့မနားညမနား ပုတ်ပြတ်လုပ်၍သော်လည်းကောင်း သားသမီးများအား ရှာဖွေကျွေးမွေးနေသည်။

စစ်ရှောင်စခန်း၌ အခက်ခဲဆုံးသော မိသားစုတစ်စုအဖြစ် သိထားသော်လည်း ထိုအခက်အခဲအား ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ ဒေါ်မူတစ်ယောက် ခန္ဓာတည်သ၍ ဆက်လက်ကြိုး စားနေမည်ဖြစ်သည်။

ခွန်း

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013