DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌသစ် ဦးခင်ရီက NLD အစိုးရကို ဝေဖန်ပြစ်တင်
DVB
·
October 5, 2022
ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌသစ် ဦးခင်ရီက NLD အစိုးရကို ဝေဖန်ပြစ်တင်
Donate to DVB

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဟောင်း ဦးသန်းဌေးက တတိယအကြိမ် ပါတီဗဟိုညီလာခံ အဖွင့်မိန့်ခွန်းမှာ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပေမဲ့ ဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ ဦးခင်ရီကတော့ စစ်ကောင်စီရဲ့ ကိန်းဂဏန်းတွေနဲ့အတူ NLD အစိုးရကို ဝေဖန် ပြစ်တင်လိုက်ပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ တတိယအကြိမ် ဗဟိုညီလာခံကို အောက်တိုဘာ ၄ ရက်က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌဟောင်း ဦးသန်းဌေးက ၂၀၂၀ ‌ရွေးကောက်ပွဲ အရေးနိမ့်ခဲ့မှုကို အဖွင့်မိန့်ခွန်းမှာ ထုတ်ပြောခဲ့တာပါ။

“ကျနော်ဟာ တိုက်ပွဲကို နိုင်အောင်မတိုက်နိုင်ခဲ့တဲ့ တပ်မှူးတဦးပါ။ ဒါဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရည်ညွှန်းပါတယ်ခင်ဗျာ။ နောက်တပ်မှူးများကို အလှည့်ပေးရပါမယ်” လို့ ရွေးကောက်ပွဲရှုံးနိမ့်မှုကို ဝန်ခံရင်း ရာထူးက အနားယူမှုကို အတည်ပြု ပြောကြားခဲ့တာပါ။

ကြံ့ခိုင်ရေးပါတီရဲ့ တတိယအကြိမ် ဗဟိုညီလာခံကို အောက်တိုဘာ ၅ ရက်က ဆက်လက်ပြုလုပ်ခဲ့ရာမှာတော့ ဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ ဦးခင်ရီက နှုတ်ခွန်းဆက်စကားမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲမသမာမှု ဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ ပြောကြားခဲ့တာပါ။

“၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု မတရားပြုကျင့်မှု အရေအတွက်ဟာ ၁၁ ဒသမ ၃ သန်းကျော် ရှိတယ်လို့ တရားဝင် စစ်ဆေးအတည်ပြုချက်‌တွေအရ သိရပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့အနာဂတ်ကို လူထုဆန္ဒနဲ့အညီ ပုံဖော်ပေးရမယ့် အဖွဲ့အစည်းရဲ့ ဆိုးရွားလွန်းလှတဲ့ ဖြစ်ရပ်တခုလို့ ဆိုရမှာဖြစ်ပါတယ်။” 

ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ ဦးခင်ရီဟာ အရင်စစ်အစိုးရလက်ထက်က ရဲချုပ်ရာထူးနဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လဝကဝန်ကြီး ရာထူးတွေမှာ တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို ဧရာဝတီတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက် အန်အယ်လ်ဒီအမတ်လောင်းကို အရေးနိမ့်ခဲ့ဖူးသူ ဖြစ်ပါတယ်။ လက်ရှိ အာဏာသိမ်းစစ်တပ် လက်အောက်မှာလည်း လဝကဝန်ကြီးနေရာ တာဝန်ယူခဲ့ပြီး ဗဟိုညီလာခံ နီးကပ်လာချိန်မှာ ရာထူးက အနားပေးခံရသူလည်း ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုညီလာခံမကျင်းပမီနဲ့ ကျင်းပနေချိန်အတွင်း ပါတီဌာနချုပ်နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးချထားပြီး ဖြတ်သွားဖြတ်လာတွေကို စစ်ဆေးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013