စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အောက်တိုဘာ ၄ ရက် မနက် ၉ နာရီလောက်က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA၊ PDF၊ ပကဖ ပူးပေါင်းအဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး မနက်ပိုင်းကနေ ညနေပိုင်းအထိ ပစ်ခတ်သံတွေ ကြားနေရကာ ညနေ ၆ နာရီဝန်းကျင်လောက်မှာတော့ စစ်ကောင်စီဘက်က တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ဗန်းမောက်မြို့နယ်တောင်ပိုင်း ကျောက်အိုင်ကျေးရွာနဲ့ ကျောက်မဲတောင်ကြားမှာဖြစ်ပြီး စစ်ကောင်စီဘက်က လေယာဥ်နဲ့ ကြဲချလိုက်တဲ့ ဗုံးတွေဟာ ကျောက်အိုင်ရွာနဲ့ ပေပင်ရွာကြားမှာ ကျရောက်ပေါက်ကွဲခဲ့ကာ ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များနိုင်ပေမဲ့ အရေအတွက် အတိအကျ မသိရသေးသလို PDF ပူးပေါင်းအဖွဲ့ဘက်ကတော့ ၂ ယောက် ပွန်းပဲ့ဒဏ်ရာလောက်သာ ရရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၄ ရက် ညကလည်း ဗန်းမောက်မြို့ ရဲစခန်းအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ည ၁၀ နာရီလောက်ကနေ သန်းခေါင်ကျော် ၁ နာရီလောက်ထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့သလို မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်တွေလည်း ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။
ဗန်းမောက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်မှာရှိတဲ့ ကျောက်အိုင်ကျေးရွာ၊ ပေပင်ကျေးရွာ၊ သောင်ကြီးကျေးရွာနဲ့ စီးမော်ကျေးရွာတို့က ဒေသခံတွေလည်း နေအိမ်တွေမှာ မနေရဲကြဘဲ ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။