DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူနှင့် ဘူးသီးတောင်က အုပ်ချုပ်ရေးမှူးများအပါအဝင် ၆ ဦးကို စစ်ကောင်စီ တရားစွဲ
DVB
·
October 4, 2022
ကျောက်ဖြူနှင့် ဘူးသီးတောင်က အုပ်ချုပ်ရေးမှူးများအပါအဝင် ၆ ဦးကို စစ်ကောင်စီ တရားစွဲ
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ ဘူးသီးတောင်မှာ စစ်တပ်က ဖမ်းဆီးထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ ခရိုင်ဦးစီးမှူးတယောက်အပါအဝင် ၆ ယောက်ကို မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့မရဲစခန်းတာဝန်ရှိသူတယောက်က “ခရိုင်ငါးလုပ်ငန်းဦးစီးပါ ၄ ယောက်ကို မနေ့က နေ့လယ်လောက်က ရဲစခန်းကိုလာပို့တယ်။ ပြီးရင် သူတို့ကို ၁၇(၁)ပေါ့။ မတရားအသင်းအက်ဥပဒေပုဒ်မ-၁၇(၁)နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ၄ ယောက်စလုံးကို ဖွင့်တာပါ” လို့ ပြောပါတယ်။ 

ခရိုင်မှူး ဦးကျော်ဆင့်၊ ဆက်သွယ်ရေးဝန်ထမ်း ကိုမြကျော်ထွန်းနဲ့ ကမ်းဝေးငါးဖမ်းစက်လှေတာဝန်ခံ ၂ ယောက်ဖြစ်တဲ့ ကိုထွန်းနိုင်နဲ့ ကိုသန်းမောင်တို့ကို စက်တင်ဘာ ၂၈ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်နဲ့လာရောက်ပြီး အေအေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲဖမ်းဆီးခဲ့တာပါ။ 

ကျောက်ဖြူမြို့မှာ စက်တင်ဘာ ၇ ရက်နေ့ကစပြီး အေအေနဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ လူ ၂၀ လောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားပြီး အဲဒီထဲက ၃ ယောက်ကိုတော့ အသက်မပြည့်လို့ ပြန်လွှတ်ပေးလိုက်ပေမယ့် ကျန်သူတွေကိုတော့ နိုင်ငံတော်အကြည်ငြိုပျက်စေမှု ပုဒ်မ-၅၀၅(က)၊ မတရားအသင်းအက်ဥပဒေပုဒ်မ-၁၇(၁)တို့နဲ့ အမှုဖွင့်ထားတာပါ။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ဘူးသီးတောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ယောက်ကိုလည်း စစ်ကောင်စီက မတရားအသင်းဆက်သွယ်ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ထား​ပြီး ဘူးသီးတောင်မြို့နယ်တရားရုံးမှာ စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၁၄ ရက်နေ့အထိချုပ်ရမန်ရယူထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးအမှုဖွင့်ခံထားရသူတွေကတော့ တပ်မင်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှနဲ့ မီးကျောင်းစျေး ကျေးရွာအုပ်ချုပ်ရးမှူး အာမိန်းဟူးဆောင်တို့ ဖြစ်ကြပြီး စက်တင်ဘာလ ၃ ရက်နေ့က ဘူးသီးတောင်ဗျူဟာမှာ ကျေးရွာ ၁၂ ရွာက အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ယူပြီး သူတို့ ၂ ယောက်ကို ပြန်မလွှတ်ဘဲ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

မိသားစုနဲ့ နီးစပ်သူတယောက်က "သူတို့ကို အမှုဖွင့်ထားတယ်။ တရားရုံးမှာချုပ်ရမန်ယူထားတယ်လို့ နယ်ခြားစောင့်က အကြောင်းကြားလာပါတယ်။ ဗျူဟာက အစည်းအဝေးခေါ်တဲ့နေ့ကတည်းက ဖမ်းဆီးထားတာပါ။ အစည်းအဝေးက ကျေးရွာ ၁၂ ရွာက အုပ်ချုပ်ရေးမှူးတွေကိုခေါ်တာ။ သူတို့ ၂ ယောက်ကို ဖမ်းထားလိုက်တာ" လို့ပြောပါတယ်။

သူတို့ကို စက်တင်ဘာ ၂၉ ရက်နေ့က စစ်ဗျူဟာကနေ နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ (၃)ဆီကို လွှဲပြောင်းပေးခဲ့ပြီး  ရက္ခိုင့်တပ်တော် အေအေနဲ့ ဆက်သွယ်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မနဲ့ နခခ(၃)က တရားလိုလုပ် အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013