DVB Logo
Home
မြန်မာသတင်း
ရဲချုပ်ဟောင်း၊ လဝကဝန်ကြီးဟောင်း ဦးခင်ရီ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်လာ
DVB
·
October 4, 2022
ရဲချုပ်ဟောင်း၊ လဝကဝန်ကြီးဟောင်း ဦးခင်ရီ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်လာ
Donate to DVB

နေပြည်တော်က ကြံ့ခိုင်ရေးပါတီဌာနချုပ်မှာ ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပါတီညီလာခံမှာ ဥက္ကဋ္ဌနေရာ အပြောင်းအလဲဖြစ်ခဲ့တယ်လို့ ပါတီဝင်တွေဆီက သိရပါတယ်။ 

ကြံ့ခိုင်ရေးပါတီရဲ့ အရင်ဥက္ကဋ္ဌဗိုလ်မှူးချုပ်ဟောင်းသန်းဌေးကို ပါတီဥက္ကဋ္ဌတာဝန်ကနေ ရပ်ဆိုင်းပြီး ဗိုလ်မှူးချုပ်ဟောင်းခင်ရီကို ဥက္ကဋ္ဌအဖြစ် နေရာပေးတာနဲ့ပတ်သတ်ပြီး ဝေဖန် မကျေလည်တာတွေ ရှိနေတာပါ။ 

“အခုက လူအင်အားနဲ့ ဖြိုချတာ။ ကြားမှာပေါ့။ ဦးသန်းဌေး၊ အလိုမရှိဆိုပြီး ရန်ကုန်မှာစာရွက်ကပ်ပြီး လိုက်လုပ်တာ။ ပါတီထဲမှာလည်း ငွေကြေးကိစ္စတွေရှုပ်နေတယ်။ ဦးခင်ရီ တက်မှ ထိန်းနိုင်မယ်လို့ အကုန်လုံးမြင်နေတယ်”လို့ ပြောပါတယ်။ 

ဦးခင်ရီ ဥက္ကဋ္ဌဖြစ်လာမှသာ ကြံ့ခိုင်ရေးပါတီအတွင်း ပြောင်းလဲတာတွေဖြစ်ပေါ်ပြီး အစစအရာရာ အဆင်ပြေလာမယ်လို့ အမျိုးသားရေးလှုပ်ရှားသူတယောက်က ပြောပါတယ်။ 

“ဦးသန်းဌေးက ပျော့တယ်၊ အားမရဘူး၊ သူ ဥက္ကဋ္ဌ တာဝန်ယူထားချိန်မှာ ပါတီဝင်တွေ ဘယ်လောက်သေလဲ၊ သူ ဘာလုပ်ပေးနိုင်လဲ၊ ကျနော်တို့ကတော့ ပြတ်သားတယ်။ ငွေကြေး အရှုပ်အရှင်းမရှိတဲ့သူကိုပဲ သဘောကျတယ်”လို့ ပြောပါတယ်။ 

ဒီကနေ့ ပြုလုပ်တဲ့ တတိယအကြိမ်ပါတီညီလာခံကနေ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဦးလှထွန်း၊ ဦးမြတ်ဟိန်းနဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုးနိုင် တို့ရွေးချယ်ခဲ့ပြီး နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှူး ဦးအောင်စိုးနဲ့ စီးပွားရေးရာဌာနကြီးမှူး ဦးမျိုးမြင့် တို့ပါ ထပ်မံရွေးချယ်ခဲ့ပါတယ်။ 

ပါတီတွင်း အရှုပ်အထွေးတွေကြောင့် ၂၀၁၅ ခုနှစ်ကလည်း ဥက္ကဋ္ဌအပါအဝင် အတွင်းရေးမှူးတချို့ကို အပြောင်းအရွှေ့လုပ်ခဲ့ဖူးတယ်လို့ ပြည်ခိုင်ဖြိုး အမတ်ဟောင်းတယောက်က ပြောပြပါတယ်။ 

“သူရရွှေမန်းတို့ အတွဲတုန်းကလိုပဲ၊ အဲဒီတုန်းက သူရရွှေမန်းနဲ့ မောင်မောင်သိန်းတို့ အတွဲ၊ အခုက ဦးသန်းဌေးတို့အတွဲ၊ ဒါပေမဲ့ ဦးသက်နိုင်ဝင်းက အရင်ကတည်း နုတ်ထွက်ထားတာ။ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးက သူ့အတွဲနဲ့သူ လာတာ”လို့ ပြောပါတယ်။ 

ကြံ့ခိုင်ရေးပါတီဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးသန်းရွှေ ၁၉၉၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကို ၂၀၁၀ ခုနှစ် ဇွန် ၂ ရက်မှာ ပါတီအဖြစ်အသွင်ပြောင်းခဲ့တာဖြစ်ပါတယ်။ 

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ် ၂၀၁၀ ခုနှစ် ဇွန်လ ၈ ရက်ကနေ ၂၀၁၀ မေလ ၂ ရက်အထိ ဦးသိန်းစိန်၊ ၂၀၁၁ မေ ၁၆ ရက်ကနေ ၂၀၁၂ အောက်တိုဘာ ၁၆ ရက်အထိ သူရရွှေမန်း၊ ၂၀၁၂ အောက်တိုဘာ ၁၆ ရက်ကနေ ၂၀၁၃ မေလ ၃ ရက်နေ့အထိ ဦးသိန်းစိန်၊ ၂၀၁၃ မေလ ၁၃ ရက်ကနေ ၂၀၁၅ သြဂုတ်လအထိ သူရရွှေမန်းတို့ ဖြစ်ပါတယ်။ ၂၀၁၅ သြဂုတ်လ ၁၃ ရက်ကနေ ၂၀၁၆ သြဂုတ်လ ၂၃ ရက်အထိ ဦးဌေးဦး၊ ၂၀၁၆ သြဂုတ်လ ၂၃ ရက်ကနေ ၂၀၂၂ စက်တင်ဘာအထိ ဦးသန်းဌေးတို့က တာဝန်ယူခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013