DVB Logo
Home
မြန်မာသတင်း
ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ပါဝင်မဆင်နွှဲရန် ဒေသကာကွယ်ရေးတပ်များ သတိပေး
DVB
·
October 3, 2022
ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ပါဝင်မဆင်နွှဲရန် ဒေသကာကွယ်ရေးတပ်များ သတိပေး
Donate to DVB

တနင်္သာရီတိုင်း၊ ထားခရိုင်က လူထုအနေနဲ့ စစ်ကောင်စီကျင်းပမယ့် သပိတ်မျှောပွဲနဲ့ တခြားပွဲလမ်း သဘင်တွေမှာ ပါဝင်မဆင်နွှဲဖို့နဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ နီးနီးကပ်ကပ်မနေကြဖို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF)၊ DDT၊ FFFF၊ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစုနဲ့ ဘီလုံးပြောက်ကျားတပ် ၅ ဖွဲ့က သတိပေးမေတ္တာရပ်ခံလိုက်ပါတယ်။

ထားဝယ်ခရိုင်မှာ နှစ်စဉ်ကျင်းပစည်းကားတဲ့ပွဲတော်တခုဖြစ်တဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို တိုင်းဒေသကြီးအဆင့် အခမ်းအနားနဲ့ ထားဝယ်မြို့မှာ အောက်တိုဘာ ၈ ရက် နဲ့ ၉ရက်တွေမှာ   ပြုလုပ်မယ်လို့ စစ်ကောင်စီပြန်ကြားရေးဌာနက ထုတ်ပြန်ပြီးနောက်မှာ အခုလို သတိပေးလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ တော်လှန်ရေးပုံရိပ်ကျဆင်းအောင် မိဘပြည်သူများကို အန္တရာယ်ပြုနိုင်တာ ကြောင့် ပွဲလမ်းသဘင်တွေကို အထူးရှောင်ကြဉ်ကြဖို့ အဲဒီ သတိပေးချက်မှာ ထည့်သွင်း ဖော်ပြ ထားပါတယ်။

ထားဝယ်ပကဖ ပြန်ကြားရေး တာဝန်ခံ  ကိုရောင်နီက " အခုပွဲတော်နဲ့ပတ်သက်ပြီး ပထမအချက် စကစက တိုင်းပြည်တည်ငြိမ်နေတယ်ဆိုတာကို သူတို့လက်အောက်က မီဒီယာတွေက တဆင့် ပြတာကို လက်မခံတာရယ် ဒုတိယတချက် မိဘပြည်သူတွေအတွက် စိတ်ပူတာရယ်ကြောင့် မေတ္တာရပ်ခံတာပါ။ ပွဲတော်မှာ မစ်ရှင်အနေနဲ့ လုပ်ဆောင်ဖို့က စကစက လုံခြုံရေး တင်းကျပ် မှာကြောင့် မလွယ်ကူပါဘူး။ ပွဲကော်မတီတွေမှာပါဝင်နေသူတွေကိုလည်း သေချာ စိစစ်ပြီး အရေးယူသွားမှာဖြစ်ပါတယ်။"လို့ ပြောပါတယ်။

အဲဒီပွဲတော်ကို ထားဝယ်မြို့ တလိုင်းမရပ် ကမ်းနားလမ်းသဲကွင်းမှာ ပြုလုပ်မှာဖြစ်ကာ ဖျော်ဖြေရေးအစီအစဉ်တွေပါဝင်ပြီး တိုင်းဒေသကြီးအဆင့် အခမ်းအနားနဲ့ ဖဲကြိုးဖြတ်တာတွေပါ ပြုလုပ်ဖို့ ဆပ်ကော်မတီဖွဲ့တာနဲ့ လတ်တလောမှာ ဇာတ်တိုက်လေ့ကျင့်နေတယ်လို့ ပွဲစီစဉ်သူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သပိတ်မျှောပွဲနဲ့ ပတ်သက်ပြီး နှစ်စဉ်ရပ်ကွက်အလိုက်သပိတ်မျှောလူငယ်အဖွဲ့မှာပါဝင်တဲ့ ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်သားတဦးက “ သပိတ်မျှောပွဲဆိုတာ ထားဝယ်သားတွေ မအိပ်တဲ့ည၊ ညလုံးပေါက် လှည့်လည်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ မနက်အာရုဏ်တက်မှ သပိတ်မျှောတာ၊ အခု လုပ်မှာက ညမထွက်ရအမိန့်က ရှိသေးလား မရှိတော့ဘူးလား။ ညလုံးပေါက်လှည့်လည်ဖို့က မလွယ်ဘူး။ ထားဝယ်သပိတ်မျှောပွဲအစစ်ဖြစ်မှာ မဟုတ်ဘူး” လို့ မှတ်ချက်ပြု ပြောပါတယ်။

ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ဟာ ထားဝယ်မြစ်ကြောင်းတလျှောက်က ကျေးရွာတွေမှာ သီတင်းကျွတ်လပြည့်မနက် အာရုဏ်တက်တွင် ဆီမီး၊မုန့်ဆွမ်းတွေပါဝင်တဲ့ ဆွမ်းသပိတ်ကို နှစ်စဉ်မျှောကြတဲ့ ရှေးအစဉ်အဆက်ကျင်းပခဲ့တဲ့ရိုးရာပွဲတော်တခုဖြစ်ပါတယ်။

သပိတ်မျှောပွဲတော်ကို တိုင်းဒေသကြီးအဆင့်အခမ်းအနားနဲ့ ကျင်းပတာ ဆယ်စုနှစ် တခုလောက်ရှိကာ ၂၀၁၈ မှာ နောက်ဆုံးပြုလုပ်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေးနဲ့ မပြုလုပ်တော့ဘဲ ကိုယ့်အစီစဉ်နဲ့ကိုယ် သပိတ်မျှောတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သပိတ်မျှောပွဲတော် ကျင်းပမယ့် ထားဝယ်မြို့မှာ စက်တင်ဘာ ၇ ရက်ကစပြီး ကိုဗစ် ကူးစက်သူ ဟာ တနေ့တယောက်နှုန်းနဲ့ မြင့်တက်နေပြီး တချို့ရက်တွေမှာဆို တရက်တည်း ၆ ယောက်အထိ ကူးစက်ခံရတာမျိုးရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013