DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် ကျောင်းပြင်ပပညာရေးအစီအစဉ်များ ရပ်တန့်နေ
DVB
·
October 2, 2022
စစ်အာဏာသိမ်းပြီးနောက် ကျောင်းပြင်ပပညာရေးအစီအစဉ်များ ရပ်တန့်နေ
Donate to DVB

အခြေခံပညာကျောင်းတွေကို မတက်ရောက်နိုင်တဲ့ ကျောင်းပြင်ပရောက် ကျောင်းသား၊ ကျောင်းသူ တွေကို ပြုလုပ်ပေးနေတဲ့  ကျောင်းပြင်ပ ပညာရေးအစီစဉ်ကို စစ်ကောင်စီအာဏာသိမ်းပြီးနောက် အကောင်အထည် မဖော်နိုင်တော့ဘူးလို့ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန (MLRC) တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာန (MLRC)ကို ၂၀၀၀ ပြည့်နှစ်၊ မတ်လမှာ စတင်တည်ထောင်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်တွင်းသင်းဖွဲ့မှတ်ပုံတင်ရေး အဖွဲ့က တရားဝင် မှတ်ပုံတင် ထုတ်ပေးထားတာပါ။

ကျောင်းပြင်ပ ပညာရေးအစီအစဉ်ဟာ ပညာရေးမှာ မည်သူတဦး တယောက်မျှ နောက်ကျ ကျန်ရစ်ခဲ့ခြင်း မရှိစေရဆိုတဲ့ ရည်ရွယ်ချက်နဲ့ အစိုးရ အဆက်ဆက်က ကျောင်းပြင်ပကို ရောက်နေတဲ့ ကလေးသူငယ်တွေကို ကျောင်းပြင်ပ မူလတန်း၊ ကျောင်းပြင်ပ အလယ်တန်းဆိုတဲ့ အစီအစဉ်တွေနဲ့ ပညာသင်ကြားပေးခဲ့ကြပေမယ့် လက်ရှိ အာဏာသိမ်းစစ်အစိုးရ လက်ထက်မှာတော့ ကျောင်းပြင်ပ ပညာရေးအစီအစဉ်ဟာ ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

ကျောင်းပြင်ပ ပညာရေးအစီအစဉ်ဟာ ဦးသိန်းစိန် အုပ်ချုပ်စဉ်က အလယ်တန်းအထိ ဖွင့်လှစ်သင်ကြားခွင့်ရရှိခဲ့ပြီး NLD အစိုးရ အုပ်ချုပ်တဲ့အချိန်မှာတော့ အထက်တန်းအဆင့်ထိ တက်ရောက်ခွင့်ရမယ့် အစီအစဉ်တွေနဲ့ သင်ကြားနိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အဲဒီပညာရေး အစီအစဉ်တွေက ပျောက်ကွယ်နေရပြီဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကျောင်းပြင်ပရောက် ကလေးသူငယ်ဦးရေက ၂ ဒသမ ၇ သန်းရှိ နေတဲ့အတွက် ကျောင်းပညာရေး စနစ်တခုတည်းနဲ့ ကျောင်းပြင်ပရောက် ကလေးသူငယ်တွေကို ပညာရေး လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ဖို့ လုံလောက်နိုင်ခြင်းမရှိတာကြောင့် ကျောင်းပြင်ပပညာရေးအစီအစဉ်ကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြတာပါ။

ဒါ့အပြင် အသက် ငါးနှစ်ကနေ ၁၆ နှစ်အတွင်း ကလေးငယ် ၁ ဒသမ ၃ သန်းဟာ လုပ်ငန်းခွင် အတွင်း ရောက်ရှိနေတာနဲ့ မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်အထက် သက်ကြီး စာမတတ်သူ ၃ ဒသမ ၅ သန်း ရှိနေတာကြောင့် ကျောင်းပြင်ပရောက်နေသူတွေ၊ စာမတတ်သူတွေအတွက် စာတက်မြောက်ရေးအစီအစဉ်တွေရေးဆွဲပြီး NLD အစိုးရ လက်ထက်က အကောင်အထည် ဖော် ခဲ့ပေမဲ့ လက်ရှိမှာတော့ အဲ့ဒီအစီအစဉ်တွေ မရှိတော့ဘူးလို့လည်း MLRC အဖွဲ့ဝင်တဦးဆီက သိရပါတယ်။

NLD အစိုးရလက်ထက်မှာ ကျောင်းပြင်ပ ပညာရေးအလယ်တန်းအဆင့်ကနေ အထက်တန်း အဆင့်ထိ သင်ယူပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းပညာရေးနဲ့ ပတ်သက်လို့ အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီး ဌာန၊ ဆေးပညာဦးစီးဌာန၊ စက်မှုသက်မွေးပညာဦးစီးဌာန အစရှိတဲ့ဌာနတွေက တာဝန် ယူဆောင်ရွက်နေတဲ့အပြင် စာမတတ်သူတွေအတွက် စာတတ်မြောက်ရေးလုပ်ငန်းကို ၁၉၆၀ ပြည့်လွန်နှစ်ကစလို့ မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့(ဦးစီးဌာန)၊ (ယခု ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန)က အစဉ်အဆက် ဆောင်ရွက်လာခဲ့တာပါ။

၁၉၉၀ ပြည့်နှစ်မှာ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ယူနက်စကိုရုံးက ကျောင်းပြင်ပပညာရေးကို မြန်မာနိုင်ငံမှာ မိတ်ဆက်ဖော်ဆောင်လာခဲ့ချိန်က ပညာရေးဝန်ကြီးဌာနက ကျောင်းပြင်ပပညာ ရေးလုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်တဲ့ ဦးစီးဌာနမရှိသေးဘူးလို့ သိရပါတယ်။

ဒါကြောင့် ပညာရေးဝန်ကြီးဌာနက အရင်စာတတ်မြောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တဲ့ အစဉ်အလာရှိတဲ့ မြန်မာနိုင်ငံပညာရေး သုတေသနအဖွဲ့(Myanmar Education Research Bureau – MERB)ကို ကျောင်းပြင်ပပညာရေး(Non–formal Education -NFE)ပင်မဌာန(Focal Institution) အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ “ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန”  (Department of Alternative Education – DAE) အသစ်ပေါ်ပေါက်လာပြီး ကျောင်းပြင်ပပညာရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။

MERB ဟာ ကျောင်းပြင်ပပညာရေးလုပ်ငန်းများကို အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ယူနက်စကိုရုံး နဲ့ ပူးပေါင်းပြီး ၁၉၉၀ ပြည့်လွန်နှစ်များအထိ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

MLRC ဟာ ကျောင်းပြင်ပပညာရေးကဏ္ဍမှာ ပါဝင်တဲ့ စဉ်ဆက်ပညာရေးအစီအစဉ်ကို ရေရှည်ဆောင်ရွက်ဖို့ မဆုတ်မနစ်တဲ့ ဇွဲနဲ့ ဆောင်ရွက်လျက်ရှိရာ ကျောင်းပြင်ပရောက် ကလေးတွေအတွက် အခြေခံပညာမူလတန်းဆင့်နဲ့ အလယ်တန်းဆင့် စီမံချက်တွေ၊ လုပ်ငန်းအကျိုးပြု ကျောင်းပြင်ပ ပညာရေးအစီအစဉ်တွေနဲ့  လူမှုရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေ လုပ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဆရာဆရာမတွေ အာဏာဖီဆန် CDM လုပ်ပြီး ကျောင်းမတက်ကြတာရှိသလို ကျောင်းသားတွေကလည်း စစ်ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်ထားကြတာဖြစ်ပါတယ်။

ဒီအခြေအနေမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့  အခြေခံပညာကျောင်းတွေ ပုံမှန်ပြည်လည် မသင်ကြားနိုင်သေးသလို ကျောင်းပြင်ပပညာရေး အစီအစဉ်တွေလည်း ရပ်တန့်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013