Home
မြန်မာသတင်း
စစ်တွေသွားမည့် မောင်တောနှင့်ဘူးသီးတောင်မြို့က အစိုးရဝန်ထမ်းများ သတင်းပို့ရမည်
DVB
·
October 1, 2022
310341264_1254121072050066_1493478060433638993_n

ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို ခရီးသွားမယ့် မောင်တောနဲ့ဘူးသီးတောင်မြို့က အစိုးရဝန်ထမ်း တွေအနေနဲ့ အောက်တိုဘာ ၁ ရက်ကစပြီး သက်ဆိုင်ရာဌာနတွေကတဆင့် ခရိုင်ထွေ/အုပ်ရုံးကို သတင်းပို့ပြီးမှ သွားရောက်ရမယ်လို့ အစိုးရဝန်ထမ်းတွေက ပြောပါတယ်။

အဲဒီညွှန်ကြားချက်ကို စစ်ကောင်စီတိုင်းမှူးက ညွှန်ကြားခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်  ရက်စွဲ နဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးကတဆင့် ဌာနဆိုင်ရာတွေကို စာထုတ်အသိပေးခဲ့တာ ဖြစ်ပါတယ်။

သင်တန်း၊ တာဝန်၊ ခွင့်တခုခုနဲ့ စစ်တွေမြို့ကို သွားရောက်မယ့် ဝန်ထမ်းတွေအနေနဲ့   တဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို သက်ဆိုင်ရာဌာနကတဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို တင်ပြထားရမယ်လို့ မောင်တောမြို့နယ်ထွေ/ အုပ်ဝန်ထမ်း တဦးက ပြောပါတယ်။

"စစ်တွေကို သွားချင်တဲ့ ဝန်းထမ်း တဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခရိုင်ထွေ/အုပ်မှာ တင်ရမှာ။ အဲဒီကတဆင့် အထက်အထိ တင်ပြရမယ်လို့တော့ စာထုတ် ထားတယ်။"

အခုလို စစ်တွေမြို့ကို လာရောက်မယ့် ရခိုင်ပြည်နယ်နဲ့ တခြားတိုင်းဒေသကြီးက ဝန်ထမ်းတွေကို ကိုယ်ရေးအကျဥ်း တင်ပြရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ လုပ်ရက်ဟာ သံဿယဖြစ်ဖွယ်ရာ များစွာရှိနေတယ်လို့ နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူက "စစ်ကောင်စီက မောင်တောခရိုင်က ဝန်ထမ်းတွေကို ယုံကြည်မှု မရှိတောဘူး။ အဓိက လက်နက်ကိုင်တွေပေါ့လေ။ သူတို့ နေရပ်ပြန်ကြရင် ပြန်မလာပဲ ထွက်ပြေးသွားကြမှာကို စိုးရိမ်တဲ့အနေအထားရှိနေတယ်။ တခြားတိုင်းဒေသကြီးတွေက တာဝန်ကျ ဝန်ထမ်းတွေ၊ လက်နက်ကိုင်တွေကလည်း လက်ရှိ  ခွင့်ပြန်ခွင့် ရရင် ပြန်မလာမှ သေချာနေတဲ့ အချက်တွေရှိနေတယ်" လို့ ဆိုပါတယ်။

သြဂုတ် ၁၃ ရက်ကစပြီး မောင်တော-အငူမော်လမ်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး ၁၄ ရက်မှာတော့ အငူမော်-မောင်တော ကားလမ်းကို ပိတ်းထားပါတယ်။

ထိုအတူ ဘူးသီးတောင်- စစ်တွေမြို့ကို ပြေးဆွဲနေတဲ့ အမြန်ရေယာဥ်လိုင်းတွေနဲ့ ရေလမ်း ကြောင်းတွေ အားလုံးကိုလည်း ပိတ်ဆို့ကန့်သတ်ထားတာ တလနီးပါးရှိနေပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024