
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းမပေါ်မှာ ဆီတန်းစီဖို့ ရပ်ထားတဲ့ယာဉ်ကို မောင်းလာတဲ့ယာဉ်က ဝင်တိုက်ခဲ့လို့ လူတယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဧပြီ ၉ ရက် ဒီနေ့ မနက် ၄ နာရီကျော်က ရန်ကုန်-ပုသိမ်ကားလမ်း၊ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာအုပ်စု၊ ဇီးဖြူကျွန်းကျေးရွာအနီး မိုင်တိုင်အမှတ် ၂၆/၃ နဲ့ ၂၆/၄ ကြားမှာ ရန်ကုန်ဘက်က မောင်းလာတဲ့ Nissan Diesel ယာဉ်က ဆီတန်းစီဖို့ ရပ်ထားတဲ့ Nissan Condor ယာဉ်ကို ဝင်တိုက်မှုကြောင့် ဆီတန်းစီဖို့ ရပ်ထားတဲ့ ယာဉ်ပေါ်က အမျိုးသားတယောက် သေဆုံးခဲ့ကာ မောင်းလာပြီး ဝင်တိုက်တဲ့ယာဉ်ပေါ်က ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်ကို ကူညီဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူက “ရန်ကုန်ကနေ မောင်းလာတဲ့ယာဉ်က ဆီတန်းစီနေတဲ့ယာဉ်ကို အနောက်ကနေ ဝင်တိုက်လိုက်တာ။ မောင်းလာတဲ့ ယာဉ်ပေါ်က ယာဉ်မောင်းက အိပ်ငိုက်ပြီး ဝင်တိုက်တာလို့ စစ်ဆေးချက်အရ သိရတယ်။ ဒဏ်ရာရတဲ့သူတွေက မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးသူ အမျိုးသားကို ဆားမလောက်ကျေးရွာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက မော်တော်ယာဉ်နဲ့ ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ အမျိုးသား ၂ ယောက်ကိုလည်း လူငယ်ရိပ်မွန် လူမှုကယ်ဆယ်ရေးအသင်းက မော်တင်ယာဉ်နဲ့ ဆားမလောက် တောင်သူလယ်သမားဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုကို ညောင်တုန်းမြို့နယ် မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ယာဉ်တစီး အသုံးပြုကာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဧပြီ ၄ ရက်ကလည်း ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်း၊ မင်းဆယ်ကျေးရွာအုပ်စု၊ လှိုင်းတာကျေးရွာအနီး မိုင်တိုင်အမှတ် ၅၄၊ ၇ နဲ့ ၅၅၊ ၀ ကြားမှာ မောင်းလာတဲ့ကုန်ကား တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။










