
နေပြည်တော် အပါအဝင် နိုင်ငံနေရာအနှံ့မှာ မိုးကြီးနိုင်တယ်လို့ စစ်အာဏာရှင်အစိုးရရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၁၃ ရက် နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၃ ရက် မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲမှာ တိုင်းထွာထားချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတာကြောင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်-ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေတို့မှာ မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်း ၁၄ ခုလုံးမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်ပြီးတော့လည်း မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက် ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်လို့ ပြည်သူတွေ သတိထားနေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။











