DVB Logo
Home
မြန်မာသတင်း
တန့်ဆည်မြို့နယ်အတွင်း အိမ်ခြေ ၆,၀၀၀ ကျော်ကို စစ်တပ်ကမီးရှို့၊ ဒေသခံများ စားဝတ်နေရေးခက်ခဲနေ
DVB
·
September 30, 2022
တန့်ဆည်မြို့နယ်အတွင်း အိမ်ခြေ ၆,၀၀၀ ကျော်ကို စစ်တပ်ကမီးရှို့၊ ဒေသခံများ စားဝတ်နေရေးခက်ခဲနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းမှာ စစ်ကောင်စီက စက်တင်ဘာ ၁၆ ရက်ကစပြီး ၂၉ ရက်အထိ အိမ်ခြေ ၆,၀၀၀ ကျော်ကို မီးရှို့ခဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမီးရှို့ခံရတဲ့ ကျေးရွာအများစုဟာ တန့်ဆည်မြောင်ပိုင်းက ကျေးရွာတွေ ဖြစ်တယ်လို့‌လည်း ဆိုပါတယ်။

တန့်ဆည်ဒေသခံ ရွာသူတယောက်က “သူတို့က တရွာဝင် တရွာထွက်ကို လိုက်မီးရှို့နေကြတာရှင့်။ အဲလို စစ်ကောင်စီတပ်က မီးရှို့တော့ ကျမတို့ ဒေသခံတွေရဲ့ နေအိမ်တွေ၊ စားနပ်ရိက္ခာတွေနဲ့ လယ်ယာသုံးပစ္စည်းတွေ မီးထဲပါသွားတယ်။ အခု ပြန်စရာအိမ်တောင် မရှိတော့ဘူး။ ကျမတို့ကတော့ လက်တွေ့ ဘုန်းကြီးကျောင်းမှာ ကပ်နေရတယ်ပေါ့။ ရေရှည်နေထိုင်ဖို့ရာကလည်း ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ တချို့ကတော့ တခြား အသိအိမ်တွေမှာ သွားကပ်နေကြတာတွေလည်း ရှိတယ်။ သူတို့လည်း ရေရှည်မှာ ဘယ်အဆင်ပြေနိုင်လိမ့်မလဲရှင်။ ကိုယ့်အိမ်၊ ကိုယ့်ရွာကို ပြန်ရအောင်လည်း နေစရာအိမ်လည်း မရှိတော့ဘူး။ မီးလောင်ကွင်းကြီးပဲ ဖြစ်နေတာ။ ဘဝကို ဘယ်ကနေပြန်စလို့ စရမှန်း မသိတော့ပါဘူး” လို့ ပြောပါတယ်။

တန့်ဆည်မြို့နယ်မြောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ တပ်မ ၃၃ ကဖြစ်ပြီး ဒေသခံ ပျူစောထီးတွေပါ ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည် စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ခေါင်းဆောင်တ‌ယောက်က “ကျနော်တို့ သိရသလောက်တော့ မူးတိမ်ရွာ၊ မူးခွရွာ၊ ကဘဲရွာ၊ ဘေရင်းရွာ၊ ကျွန်းလည်ရွာ ပျူတွေနဲ့ပေါင်းပြီး ရွာတွေကို မီးရှို့နေတာဗျ။ စက်တင်ဘာလ ၁၆ ရက်မှာ အုတ်ဖိုအိုင်ကျေးရွာက နေအိမ် ၄ လုံးကို မီးရှို့ခဲ့တယ်။ နောက်ပြီး ဒေသခံပြည်သူတွေနဲ့ ကာကွယ်ရေးရဲဘော် အားလုံးပေါင်း ၁၀ ဦးကို သတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှ သစ္စေးကုန်းရွာက‌ ‌ေနအိမ် ၁၈ လုံး၊ ဝကြံရွာနဲ့ နွားတဲရွာက နေအိမ် ၄ လုံး၊ ဂွေးကုန်းရွာက နေအိမ် ၂၁ လုံး၊ နဘက်ကြီးရွာက နေအိမ် ၁၂၄ လုံး၊ နဘက်ရွာအရှေ့တိုက်က လူနေအိမ် ၆ လုံး၊ သဲစားရွာက လူနေအိမ် အလုံး ၈၀၊ အင်တောသာရွာက လူနေအိမ် ၂ လုံး၊ တဆယ်ကျဲရွာက လူနေအိမ် ၃၅ လုံး၊ သစ်တော်ပေါက်မြောက်ရွာက လူနေအိမ် ၃၀၊ ငှက်ပျောတောရွာက လူနေအိမ် ၁၂၁ လုံး၊ ပေကုန်းရွာက ၅၇ လုံး၊ အင်နားရွာက ၁၂၅ လုံးနဲ့ ကာပေါင်းကျရွာက လူနေအိမ် အလုံး ၃၀ ကို စစ်ကောင်စီက မီးရှို့သွားတာပါဗျ။ နောက်ထပ် စာရင်းမပြုစုရတဲ့ ကျေးရွာတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါက ကျနော်တို့ရထားတဲ့ မြေပြင်အချက်အလက်တွေပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မြေပြင်မှာ ဒေသခံကျေးရွာတွေကို မီးရှို့တာတွေ လုပ်ဆောင်ပြီး စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ PDF က မီးရှို့တာဖြစ်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုနေတာကို စစ်ကိုင်းတိုင်း တော်လှန်ရေးခေါင်းဆောင်တယောက်ဖြစ်တဲ့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက အခုလိုတုံ့ပြန်ပါတယ်။

“အာဏာရူးချင်လည်း ပြည်သူကို ထိခိုက်မှုမရှိဘဲ ရူးလို့ရတယ်။ ကျနော် ဒီနေရာကနေ ဇော်မဲလုံးကို ပြောချင်တာက ကျွန်ယုံတဖက်ကမ်း မဖြစ်စေချင်ဘူး။ သိသိကြီးနဲ့ လိမ်နေတာလား၊ မသိဘဲ အောက်ကတင်ပြတာကိုပဲ ပြောနေတာလား။ သတင်းအမှန်သိရအောင် စစ်ကိုင်းတိုင်းထဲကို တခေါက်လောက် ပြည်သူတွေနဲ့တွေ့ပြီး စကားပြောကြည့်ပါလား။ ဘယ်အချုပ်အနှောင် အဖွဲ့အစည်းမှ မခေါ်ဘဲ တဦးတည်း မြေပြင်ကို ကွင်းဆင်း သတင်းယူပါ။ အခေါင်းထဲကနေ တောင်အော်၊ ‌ေမြာက်အော် အော်မနေပါနဲ့လို့ပဲ ပြောချင်တယ်။ ကိုယ့်အိမ်၊ ကိုယ့်ရွာကို ဘယ်သူက မီးရှို့မှာလဲဗျာ။ ထမင်းစားသူတိုင်း ဒီလောက်တော့ ချင့်ချိန်စဉ်းစားတတ်ပါတယ်။ အခုဟာက ပြည်သူကို အကြောက်တရားရအောင်၊ ဒုက္ခရောက်အော င်သက်သက်လုပ်ဆောင်နေတာဖြစ်တယ်။”

စစ်ကောင်စီတပ်ကတော့ တန့်ဆည်မြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးတာတွေ ရပ်တန်မှုမရှိဘဲ ဆက်လက်လုပ်ဆောင်နေတာကြောင့် တန့်ဆည်မြောက်ခြမ်းက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013