DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့နယ် ၊ ထနောင်းတောရွာကို စစ်တပ်က မီးရှို့၊ အရပ်သား ၁ ဦးနှင့် PDF ၁ ဦးကို သတ်ဖြတ်
DVB
·
September 30, 2022
မုံရွာမြို့နယ် ၊ ထနောင်းတောရွာကို စစ်တပ်က မီးရှို့၊ အရပ်သား ၁ ဦးနှင့် PDF ၁ ဦးကို သတ်ဖြတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က၊ ထန်းနောင်းတောကျေးရွာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့်  လူနေအိမ်  ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး အရပ်သားပြည်သူ တယောက်နဲ့  PDF တပ်ဖွဲ့ဝင်  တယောက်ကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ အင်အား ၇၀ လောက်ဟာ  စက်တင်ဘာ ၂၇ ရက် မနက် ၅ နာရီကစတင်ကာ ကြာပိုင်ကျေးရွာမှတဆင့် မုံရွာ- အမြင့်လမ်းက ထန်းနောင်းတောမြောက်ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး နေအိမ် ၄ လုံးကို မီးရှို့ခဲ့သလို အလုပ်ကပြန်လာတဲ့ ဘုဘကျေးရွာနေထိုင်သူ ရွာသား တယောက်ကိုလည်း  လမ်းမပေါ်မှာ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ သိရပါတယ်။

"စကစတပ်က တောပုဘက်မှာရှိတဲ့ ပျူအဖွဲ့နဲ့ ပေါင်းဝင်လာတာ။ ရွာကို တော်တော်သောင်းကျန်းသွားတယ်။ အိမ်ပစ္စည်းတွေဘာတွေဆို အကုန်မွှေနှောက်ပြီး လိုချင်တာ အကုန်ယူသွားတယ်။ ရွာက နေအိမ် လေးလုံးကိုလည်း မီးရှို့တယ်။ အဲ့ဒီညနေမှာ မုံရွာဘက်ကနေ အလုပ်ပြန်လာတဲ့ ဘုဘရွာသား ကိုအောင်ကျော်မင်းကိုလည်း လမ်းမကြီးမှာ ပစ်သတ်သွားကြတယ် " လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီနောက် ကျေးရွာအနီးမှာပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  MPDF - ဆားလင်းကြီးတပ်ခွဲမှ ရဲဘော် တယောက်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်သွားကြတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်မှာတော့  စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းခွဲကာ ထနောင်းတောတောင်ရွာဘက်ကို လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး  နေအိမ် သုံးလုံးကို မီးရှို့ခဲ့တဲ့အပြင် ကျေးရွာအတွင်းက နေအိမ်အများပြားကိုလည်း မွှေနှောက်ရှာဖွေသွားပါတယ်။

ဒေသခံရွာသားတယောက်က" အဲ့ဒီ ၂၈ ရက်‌နေ့က ထနောင်းတော တောင်ရွာကို စက်သေနတ်တွေနဲ့ရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ပြီး ဝင်လာတာ။ နေအိမ်မီးရှို့ပြီး ရွာလုံးကျွတ်ပတ်မွှေသွားတယ်။ နောက်ပြီး ရွာထဲက အိမ်တွေကိုလည်း စာရေးသွားကြသေးတာ။ သူတို့ စဝင်ကတည်းက နှစ်ညလုံး ထနောင်းတော တောင်ရွာနဲ့ မြောက်ရွာမှာ ညအိပ်တပ်စွဲထားတာ ။ ၂၉ ရက်နေ့ မနက်ကျမှပဲ သူတို့လက်ပါးစေ ပျူတွေရှိတဲ့ တောပုရွာကနေ နမခကို ပြန်သွားကြတယ်။ ကျမတို့ဆို အခုချိန်ထိ ဈေးမထွက်ရဲသေးဘူး ။ ထပ်ပြီးပြန်လာမှာ စိုးရိမ်ရတယ်။ လက်ရှိမှာလဲ အခြေနေရှုပ်ထွေးနေတယ် " လို့ ဒေသခံက ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်ကလည်း မုံရွာ - အမြင့်လမ်းဘေးရှိ နဂါးတွင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်ရာမှာ လက်နက်ကြီးကျည်ထိမှန်လို့ ဒေသခံ ၃ ယောက်သေဆုံးပြီး လူနေအိမ် ၁၆ လုံးထက်မနည်း မီးရှို့ခံခဲ့ရပါတယ်။

Photo - မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013