DVB Logo
Home
မြန်မာသတင်း
စစ်တပ်လက်နက်ကြီး ထိမှန်သေဆုံးခဲ့သည့် လွိုင်ကော်ဒေသခံ ၁ ဦး အပါအဝင် အပြစ်မဲ့ ကျဆုံးပြည်သူ ၂,၃၂၆ ဦးရှိလာ
DVB
·
September 29, 2022
စစ်တပ်လက်နက်ကြီး ထိမှန်သေဆုံးခဲ့သည့် လွိုင်ကော်ဒေသခံ ၁ ဦး အပါအဝင် အပြစ်မဲ့ ကျဆုံးပြည်သူ ၂,၃၂၆ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၃၂၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၆၈၆ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၅၄၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၄၉၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေတွက်ကတော့ ၈၄ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၁၂၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၆၀ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက် နေ့လယ် ၃ နာရီခွဲက ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အခြေစိုက် ခလရ ၂၅၀ နဲ့ ခမရ ၄၂၂ တို့က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် ၁ လုံး လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်မှာရှိနေတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတယောက် နေရာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒေသခံ ရွာသား ၂ ယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေမှာ ပါဝင်လှုပ်ရှားနေတဲ့ LGBT Union Mandalay ဥက္ကဋ္ဌ ဂျက်စတင်မင်းဟိန်း၊ လူငယ်များသမဂ္ဂ(ဗဟို)  ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ (၁)၊ ဒုက္ကဋ္ဌ (၂) နဲ့ တွဲဖက်အတွင်းရေးမှူး အပါအဝင် ၆ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကတည်းက သူတို့ ၆ ယောက်နဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013