DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စစ်တပ်နှင့် အေအေ တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်သဖြင့် ဒေသခံများ ထွက်ပြေးနေရ
DVB
·
September 29, 2022
ရခိုင်တွင် စစ်တပ်နှင့် အေအေ တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်သဖြင့် ဒေသခံများ ထွက်ပြေးနေရ
1 / 6
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ များပြားတယ်လို့ ရက္ခိုင့်တပ်တော်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်က နနွင်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဒီနေ့ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) က ရွက်ညိုးတောင်နားမှာ တိုက်ခိုက်ခဲ့လို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ များပြားတယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“အဒဲနနွင်းတောင်ဘက်ကနေ စစ်(...)အင်အား ၁၇ ယောက် ရိက္ခာဆင်းယူတဲ့အချိန်မှာ ရက္ခိုင့်တပ်တော် (အေအေ) က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၇ ယောက်လုံးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ သိမ်းဆည်းနိုင်ခဲ့တယ်။”

တိုက်ပွဲဖြစ်တဲ့နေရာကို ကျောက်တော်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီ နနွင်းတောင်တပ်စခန်းကုန်းကို ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေ ကြားရပေမဲ့လည်း အတိအကျ အတည်မပြုနိုင်သေးပါဘူး။

နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးသလို ရက္ခိုင့်တပ်တော်ဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဗုဒ္ဓေါကျေးရွာ၊ ကွမ်းအုံစုကျေးရွာ၊ ရွက်ညိုးတောင်ကျေးရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်အခြေစိုက် ၅၃၆ တပ်ရင်းကနေ စက်တင်ဘာ ၂၈ ရက်ညက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၄ လုံး ကျေးရွာအနီး ကျရောက်ပေါက်​ကွဲတာကြောင့် သဇင်မြိုင်ကျေးရွာမှ ရွာသူရွာသား ၃၀၀ ကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ထွက်ပြေးလာတဲ့ သဇင်မြိုင်ကျေးရွာသားတယောက်က “လူတွေအိပ်နေတဲ့အချိန် ညဉ့် ၁၀ နာရီကျော်လောက်မှာ ကျတာ။ စေတီတောင်နဲ့ ကျနော်တို့ရွာနဲ့ ၁ မိုင်ကျော်ဝေးတယ်။ စေတီတောင်စခန်းကို ၂၇ ရက်နေ့က တညလုံးပစ်နေတာ။ မနေ့ကတော့ ကျေးရွာတွေအနီး ပစ်လာတာ။ လက်နက်ကြီးကျည် ၄ လုံး ရွာအနီးမှာ ကျပေါက်တော့ ကြောက်လန့်ပြီး ရွာလုံးကျွတ် ထွက်​ပြေးလာခဲ့ရတာ” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက် ညနေပိုင်းက စေတီပြင်ကျေးရွာဝင်ဝရှိ စေတီတောင်မှာ တပ်စွဲထားတဲ့ နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (အေအေ) က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စက်တင်ဘာ ၂၇ ရက် တညလုံး ရသေ့တောင်အခြေစိုက် ၅၃၆ တပ်ရင်းမှ လက်နက်ကြီးပစ်ကူ ပေးခဲ့တာပါ။

စက်တင်ဘာ ၂၈ ရက် ညဉ့်အချိန်မှာတော့ အဲဒီတပ်ရင်းကပစ်လိုက်တဲ့ လက်နက်ကြီး ၄ လုံး စေတီတောင်စခန်းနဲ့ တမိုင်ကျော်ကွာဝေးတဲ့ သဇင်မြိုင်ကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာသူရွာသား ၃၀၀ ကျော် ကြောက်လန့်ပြီး ညတွင်းချင်း နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးသွားခဲ့ကြရတာလည်း ဖြစ်ပါတယ်။

အေအေ သိမ်းပိုက်ခဲ့တဲ့ စေတီတောင်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူတွေအပြင် အေအေတပ်ဖွဲ့တွေရှိနိုင်တဲ့ ကျေးရွာတွေအနီးကိုပါ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တာတွေ ပြုလုပ်နေကြောင်း ဒေသတွေက ပြောပါတယ်။

အဆိုပါ သဇင်မြိုင်ကျေးရွာဟာ အရင် နအဖစစ်အစိုးရ လက်ထက်ကတည်းက တည်ဆောက်ခဲ့တဲ့ နတလကျေးရွာတရွာဖြစ်ပြီး အိမ်ခြေ ၇၀ ခန့်ရှိကာ လူဦးရေ ၃၀၀ ခန့် နေထိုင်နေကြတာပါ။

၂၀၂၀ ခုနှစ်ကလည်း သဇင်မြိုင်ကျေးရွာအနီးရှိ နယ်ခြားစောင့်စခန်းကို ရက္ခိုင်တပ်တော် (အေအေ) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အခုဆိုရင် စခန်းပျက်ကြီးတခု ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့အများအပြားမှာ စစ်ကောင်စီက ဧည့်စာရင်း စစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013