DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ် သရက်ကန်ရဲစခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး
DVB
·
September 29, 2022
ပေါက်မြို့နယ် သရက်ကန်ရဲစခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ရဲစခန်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၁ နာရီမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က မီးရှို့ခဲ့တာဟာ သမဝါယမဂိုဒေါင် အပါအဝင် ပြည်သူပိုင်နေအိမ် ၈ လုံးနဲ့ ရဲစခန်းကို မီးရှို့သွားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပေါက်မြို့နယ်၊ သရက်ကန်ရွာသူတယောက်က “မီးရှို့တာတော့ ဟုတ်တယ်။ ကျမတို့ ဒေသခံတွေကို အရင်ရက်ပိုင်းက ဖမ်းဆီးခဲ့ပြီး အခု စခန်းမီးရှို့ဖျက်ဆီးတဲ့အခါ ဘန်ကာတွေကို ဖျက်ခိုင်းတယ်။ ရေနံမှော်ကနေ ဆီသယ်ကားတွေဖမ်းပြီး အဲ့ဖမ်းရတဲ့ဆီတွေနဲ့ အချုပ်ခန်းတွေ၊ ရုံးအဆောက်အအုံတွေ၊ လိုင်းခန်းတွေကို ပက်ပြီး မီးရှို့ခိုင်းတယ်။ ပြီးတော့ ဖမ်းဆီးထားတဲ့အထဲက ကျမအပါအဝင် အမျိုးသမီး ၃၀‌ လောက်ကို ပြန်လွှတ်ပေးတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မြိုင်မြို့နယ်၊ မှန်ရင်းကျေးရွာဘက်က ဒေသခံတွေနဲ့ ပေါက်မြို့နယ် သရက်ကန်က ဒေသခံတွေဖြစ်ပြီး အမျိုးသား ၁၅ ယောက်ကိုတော့ လူသားဒိုင်းအဖြစ် ဆက်လက်ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

ပေါက်မြို့နယ် ဒေသခံတာဝန်ရှိသူ ခေါင်းဆောင်တယောက်က “အခုလို စခန်းကိုမီးရှို့ပြီး တပ်နောက်ဆုတ်သွားတာဟာ ဘာကြောင့်လဲလို့ ပြောရမလဲဆိုရင် ဒီ သရက်ကန်ရဲစခန်း အနီးဝန်းကျင်မှာ ကျနော်တို့အဖွဲ့တွေရဲ့ အားကောင်းတဲ့ အချက်တချက်ဖြစ်မယ်ဗျ။ အဲဒီစခန်းက မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်မှာရှိတဲ့ စခန်းတခုလည်း ဖြစ်တယ်ဗျ။ နောက်ပြီး ကျနော်တို့ဘက်က စခန်းသိမ်းတိုက်ပွဲတွေကို အရေးတကြီးမတိုက်ဘဲ ဒီကောင်တွေကို ကျနော်တို့ဘက်က ဂိတ်ဖွင့်ပြီး ၃ လလောက် ဖြတ်လေးဖြတ် လုပ်ထားတာ ဆိုတော့ သူတို့ဘက်က အရေးမလှလို့ နောက်ဆုတ်သွားတယ်လို့ ကျနော်ကတော့ထင်တယ်။ နောက်တချက်က ကျနော်တို့အဖွဲ့တွေကို စစ်မြှူတယ်လို့လည်း ထင်တယ်ဗျ။ ဘာလို့ အဲလိုပြောရလဲဆိုတော့ ဒီကောင်တွေ စခန်းကိုမီးရှို့ပြီး တခြားစခန်းကို သွားတာ မဟုတ်သေးဘူး။ အဲ့သရက်ကန်အနီးအနားက ရွာတွေထဲမှာပဲ ဒီကောင်တွေ ရှိနေသေးတယ်။ သူတို့ဝင်လာလို့ ရွာသားတွေကတော့ နေ့လယ် ၁၁ နာရီလောက်ကနေ အခုညပိုင်းအထိ ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။

လက်ရှိ မီးရှို့ခံရတဲ့ သရက်ကန်ကျေးရွာဟာ ဒုတိယအကြိမ် မီးရှို့ခံရတာဖြစ်ပြီး ပထမအကြိမ်မှာ ပြည်သူပိုင်နေအိမ် အလုံး ၂၀ ကျော်လောက် မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်တယ်လို့လည်း ဒေသခံရွာသားတွေက ပြောပါတယ်။

သရက်ကန်စခန်းကို ဒေသခံ ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက် မနက် ၄ နာရီလောက်ကလည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တပ်ကနေ ရဟတ်ယာဥ်တစီးက လာရောက် ပစ်ကူပေးခဲ့ရတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013