DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်တွင် ဒေသခံနေအိမ် ၃ လုံးကို စစ်တပ်က မီးရှို့၊ မြောင်မြို့နယ်တွင် စစ်သင်္ဘော တိုက်ခိုက်ခံရ
DVB
·
September 29, 2022
ယင်းမာပင်တွင် ဒေသခံနေအိမ် ၃ လုံးကို စစ်တပ်က မီးရှို့၊ မြောင်မြို့နယ်တွင် စစ်သင်္ဘော တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်းဇင်ကျေးရွာက နေအိမ် ၃ လုံးကို စစ်ကောင်စီ တပ်ဖွဲ့တွေက စက်တင်ဘာ ၂၈ ရက် မနက် ၈ နာရီလောက်က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဘန့်ဘွေးရွာမ (ဒေသအခေါ် ပျူစောထီးရွာ) မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ စစ်ကောင်စီတပ်ဖွဲ့ ကိုလည်း ညနေ ၅ နာရီဝန်းကျင်လောက်မှာ PDF ပူးပေါင်းအဖွဲ့တွေက အဝေးပစ် လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့လို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်နေစဥ်အတွင်းမှာ မုံရွာ (န-မ-ခ) ကနေ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အောင်ဇေယျကွက်သစ် (ဒေသအခေါ် ရွှေတောင်ဦးကုန်း) ကနေ လက်နက်ကြီးတွေနဲ့ ညပိုင်းရောက်တဲ့အထိ ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ရမ်းသန်းပစ်ခတ်မှုတွေကြောင့် အခင်းဖြစ်နေရာနဲ့ အနီးတဝိုက်မှာရှိတဲ့ ဒေသခံတွေလည်း နေအိမ်တွေမှာ မနေရဲဘဲ ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ပစ်ကူပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးကျည်တွေဟာ သူတို့စစ်ကောင်စီတပ်ဖွဲ့ နေထိုင်ရာ ဘန့်ဘွေးရွာမကျေးရွာအတွင်းနဲ့ အဲဒီရွာအပြင်ဘက်တို့မှာ ကျရောက်ပေါက်ကွဲခဲ့သလို ထန်းဇင်ကျေးရွာ၊ လက်ပန်ကျေးရွာနဲ့ ကံစုကျေးရွာအနီး တို့မှာလည်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအသံကြောင့် နဘူးတောကျေးရွာက အသက် ၄၀ ဝန်းကျင်ရှိတဲ့ အမျိုးသားတယောက်လည်း သွေးလန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ PDF အဖွဲ့ဘက်က ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ သိရပြီး စစ်ကောင်စီဘက်မှာတော့ ထိခိုက်မှုရှိမရှိ မသိရသေးကြောင်းနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဲဒီ ဘန့်ဘွေးရွာမအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့သေးတယ်လို့လည်း ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဧရာဝတီမြစ်ကြောင်းအတွင်း ဆီသင်္ဘောကို လုံခြုံရေး လိုက်ပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ သင်္ဘော ၁ စင်းကို စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁ နာရီလောက်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ဗုံးသီးဟာ အင်ဂျင်ခန်းကို ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးကာ ‌သင်္ဘောလည်း စက်ရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။

မြောင်မြို့နယ်ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ (CDSOM) တာဝန်ရှိသူက “အောက်ပိုင်းကနေ မန္တလေးကတဆင့် မြောင်နယ်ဘက်ကို တက်လာတဲ့ သင်္ဘောပါ။ ခုတ်မောင်းလာတုန်း ဒရုန်းနဲ့ အီနာဂါဗုံးချတာ သင်္ဘောရဲ့ အင်ဂျင်ခန်းကို တည့်တည့်ထိပြီး အင်ဂျင်ခန်းလည်း ပျက်စီးသွားတယ်။ သင်္ဘောလည်း ထိုးရပ်သွားတယ်။ အဲ့ဒီစက်ခန်းထဲရောက်နေတဲ့ စကစတပ်က ၂ ကောင်လည်း သေသွားပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မြောင်မြို့နယ် ကြည်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ရှိရာ အဆောက်အဦနဲ့ ပျူစော‌ထီးအဖွဲ့ခေါင်းဆောင် နေအိမ်တို့ကိုလည်း အဲ့ဒီနေ့လယ် ၁ နာရီခွဲလောက်က ဗုံးသီးတွေချပြီး တိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“အဲ့ဒီ ပျူခေါင်းဆောင်ကတော့ ညည သူမထင်ရင် မြောင်ဘက်ကို သေနတ်တွေနဲ့ လျှောက်ပစ်တယ်။ ရွာထဲ သူနဲ့မတည့်ရင် အလကားခေါ်ခေါ်ရိုက်နေလို့ တချို့ ရွာကနေ ထွက်ပြေးနေကြရတယ်။ သူကိုယ်တိုင်ကလည်း ပျူသင်တန်းတက်ပြီး လက်ရှိ ပျူခေါင်းဆောင် ဥက္ကဋ္ဌအဖြစ်နဲ့ စကစက လက်နက်တပ်ဆင်ပေးထားပြီး ရမ်းကားချင်တိုင်း ရမ်းကားနေသူဖြစ်လို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အဲ့ဒီ ပျူခေါင်းဆောင်ကို ကာကွယ်ရင်း မျက်နှာချင်းဆိုင် အဆောက်အဦမှာ နေထိုင် သောက်စား ပျော်ပါးနေတဲ့ စကစတပ်ဖွဲ့ကိုလည်း ဗုံးချတိုက်ခိုက်ခဲ့တယ်။ လက်နက်တွေပိုက်ပြီး ထွက်ပြေးလိုက်ကြတာ၊ တချို့လည်း ဒဏ်ရာရတယ်၊ တချို့လည်း လွတ်သွားတယ်။”

ကြည်ကျေးရွာအတွင်း တိုက်ခိုက်မှုမှာတော့ ပျူစောထီးအဖွဲ့ဝင် ၂ ယောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ဆင်ရေး‌အားလုံးကို CDSOM အဖွဲ့နဲ့ Wings Of The Irrawaddy တို့ ပူးပေါင်းကာ စက်တင်ဘာ ၂၇ ရက်က မြောင်မြို့နယ်အတွင်း တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက်အတွက် လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း မြောင်မြို့နယ် ဧရာဝတီမြစ်ကြောင်းအတွင်း ဆီတင်သင်္ဘောကို လုံခြုံရေးလိုက်ပါပေးနေတဲ့ စစ်တပ်သင်္ဘောကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်ရာမှာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013