DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့က နာမည်ကြီး ပုလဲမိုး ရှမ်းရိုးရာအထည်ဆိုင် မီးလောင်
DVB
·
September 28, 2022
လားရှိုးမြို့က နာမည်ကြီး ပုလဲမိုး ရှမ်းရိုးရာအထည်ဆိုင် မီးလောင်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၃ သုခလမ်းရှိ နာမည်ကြီး ပုလဲမိုး ရှမ်းရိုးရာအထည်ဆိုင်မှာ ဒီကနေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ 

ညနေ ၄ နာရီကျော်လောက်ကနေ စတင်လောင်ကျွမ်းပြီး မီးသတ်ကားတွေ ရောက်လာပေမယ့် အထဲကပစ္စည်းတွေတော့ အကုန်ပါသွားတယ်လို့ မျက်မြင်ဒေသခံ စိုင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော် အဲဒီဘက်ရောက်သွားတုန်း မီးလောင်တာနဲ့တိုးမိတာ။ လွန်ခဲ့တဲ့ ၁၀ မိနစ်ကပဲ လောင်တယ်ဆိုပေမယ့် မီးအရှိန်ပြင်းတော့ တော်တော်လောင်နေပြီခင်ဗျ။ အိမ်က ရှေးဟောင်း နှစ်ထပ်အိမ်၊ အထဲမှာ ကျွန်းသစ်တွေနဲ့ ဆောက်ထားတာဆိုတော့ လောင်စာလိုလည်း ဖြစ်နေတာပေါ့။ မီးသတ်ကားတွေ တာဝန်ရှိသူတွေလည်း ဝိုင်းငြှိမ်းသတ်နေတော့ ကျနော်ဘာကူညီရမလဲ မသိဘူး၊ ပစ္စည်းတွေသယ်ကူဖို့ကလည်း အထဲမှာမီးဟုန်းဟုန်း တောက်နေပြီ။ ညနေ ၅ နာရီလောက်မှာ ငြိမ်းသွားတယ်၊ ဘာမှမကျန်ဘူး အကုန်လောင်။ မီးသတ်က ဘေးအိမ်တွေ ဆက်မကူးနိုင်အောင်တော့ ကာကွယ်လိုက်နိုင်တယ်။ အိမ်တွေက တလုံးနဲ့တလုံး ကပ်နေတာလေ။ ဈေးနဲ့လည်းနီး၊ ညဈေးတန်းနဲ့လည်းနီးတယ်။”

မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူက ဝါယာရှော့ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

“မီးလောင်ချိန် အမကတော့ အဲဒီမှာမရှိဘူးပေါ့။ ညီမလေးက ဖုန်းဆက်လာတယ်၊ အိမ်အောက်ထပ်မှာ ဝိုင်ယာကြိုးပျက်နေလို့ မီးပြင်သမားကို လှမ်းခေါ်ထားတာ၊ အိမ်ရှေ့ထွက်ပြီး မီးပြင်သမားအလာကို စောင့်နေတုန်း အထဲက ပေါက်ကွဲသံလို ကြားလို့ သွားကြည့်တော့ အဲဒီနေရာက မီးလောင်နေပြီ။ မီးကအရမ်းမြန်တယ်၊ ခဏလေးနဲ့ အပေါ်ထပ်ပါကူးသွားတယ်။ အပေါ်ထပ်က ညီမတယောက်တောင် သူများအိမ်ခေါင်မိုးပေါ်ကနေတဆင့် ပြန်ဆင်းလာရတယ်။ မီးထဲပါသွားတာကတော့ အများကြီးပါ၊ အိမ်သားတွေ အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးရတယ်။ အိမ်ထောင်ပရိဘောဂ၊ ဆိုင်မှာ ရောင်းတဲ့ပစ္စည်းတွေ၊ အထည်တွေ အကုန်လောင်၊ ပလတ်စတစ်ပစ္စည်းတွေလည်း ရောင်းတယ်လေ။”

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး မခန့်မှန်းနိုင်သေးကြောင်း၊ ပစ္စည်းတွေထက် အဲဒီအိမ်ဟာ ဂျပန်ခေတ် ၁၉၄၁ ခုနှစ်ကတည်းက ဂျပန်တွေက ရုံးဖွင့်ဖို့တည်ဆောက်ခဲ့ပြီး ဂျပန်ပြန်သွားတော့ အိန္ဒိယနိုင်ငံသားကိုပြန်ရောင်း၊ အဲဒီနောက် ဆိုင်ရှင်မိဘတွေက ပြန်ဝယ်ပြီး နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါအိမ်ကို ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်သွားဖို့ ရည်ရွယ်ခဲ့ပေမယ့်  မမျှော်လင့်ဘဲ မီးဘေးကြုံရတာကြောင့် လွန်စွာနှမျောရတယ်လို့ အိမ်ရှင်က ပြောပါတယ်။ 

လားရှိုးဒေသခံတဦးကလည်း အဲဒီအိမ်ကြီးဟာ သူမွေးကတည်းက မြင်ခဲ့ပြီး ပုံစံထူးခြားလှပလို့ လားရှိုးကျက်သရေဆောင် အိမ်တလုံးလို ဖြစ်နေကြောင်း၊ ခုလိုမီးလောင်သွားတဲ့အပေါ် လွန်စွာနှမျောမိတယ်လို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013