DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူအချို့ ဒဏ်ရာရ
DVB
·
September 28, 2022
ကျောက်တော်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူအချို့ ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၁၉ ရက်နေ့ကစပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ၈ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် ရွာသားတချို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်တော်မြို့နယ် နဂရာကျေးရွာကို အာဏာသိမ်းစစ်ကောင်စီရဲ့ စကခ ၉ တပ်မက စက်တင်ဘာ ၁၉ ရက်ကနေ စက်တင်ဘာ ၂၇ ရက်အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ နဂရာကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်(...)တွေဘက်က စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပစ်လိုက်တဲ့ လက်နက်ကြီးက ဒေါ်ဦးယဥ်သန်းရဲ့ နေအိမ်မှာ ကျရောက်ပြီး ပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်။ စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ ဦးထွန်းအေးရဲ့ စပါးကျီမှာ ကျရောက်ပြီး ကုန်းလျား(ပျဥ်)တချောင်း ကျိုးသွားတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့ညမှာတော့ ဦးရွှေသန်းမောင်ရဲ့ နေအိမ်မှာ စစ်(...)တွေပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပြီး နေအိမ်တခုလုံး ပျက်စီးကာ စစ်ဘေးရှောင်ရင်း လာအိပ်နေတဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးကာ တယောက်ကတော့ ဒဏ်ရာရရှိခဲ့တယ်။ ကျနော်တို့ ရွာသားတွေဟာ စစ်(...)တွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကို ကြောက်လန့်ပြီး ညပိုင်းရောက်ရင် အိမ်မှာမနေရဲတော့ဘဲ ဘေးလွတ်ရာ ကျေးရွာဘက်တွေကို သွားအိပ်ကြရတယ်။”

နဂရာကျေးရွာမှာ အိမ်ခြေ ၂၂၂ လုံးနဲ့ လူဦးရေ ၁,၂၆၃ ယောက်ရှိပြီး အိမ်ခြေ ၂၀ လောက်ကတော့ ညောင်ချောင်း စစ်ဘေးရှောင်စခန်းကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ လတ်တလောမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးသူငယ်တွေကို ဒုက္ခသည်စခန်းတခုလောက်မှာ ခိုလှုံလို့ရရင် ပိုအဆင်ပြေမယ်လို့ ဒေသခံက ဆိုပါတယ်။

“စစ်(...)တွေဘက်က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တဲ့နေ့ကစလို့ ကျောက်တော်မြို့ကို ရေကြောင်းသွားလာမှုတွေ တားမြစ်ထားတာကြောင် စားနပ်ရိက္ခာတွေ ပြတ်တောက်တော့မယ်။ ကုန်းလမ်းကနေ သွားမယ်ဆိုရင်လည်း စခက ၉ ကို ဖြတ်သန်းပြီးမှ သွားရမှာဖြစ်လို့ ဘယ်သူမှလည်း မသွားရဲတာကြောင့် ပြည်သူတွေ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြတယ်။”

စစ်ကောင်စီတပ်တွေက ရခိုင်သားဆိုရင် ULA/AA လို့ သတ်မှတ်ပြီး ရခိုင်ပြည်နယ်က ကျေးရွာတွေကို ရန်သူအဖြစ် သတ်မှတ်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြတာလို့ နဂရာကျေးရွာ ရပ်မိရပ်ဖတယောက်က ပြောပါတယ်။

“စစ်ပွဲဆိုတာကတော့ ဘယ်သူမှလည်း မကြိုက်ပါဘူး။ နှစ်ဖက် တိုက်ပွဲဖြစ်ပွားတာမျိုး မဟုတ်ဘဲနဲ့ စစ်ကောင်စီတပ်ဘက်က အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ ပစ်ခတ်တာကတော့ မလုပ်သင့်ပါဘူး။ ဒီလုပ်ရပ်က လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်သလို နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်။”

မင်းပြားမြို့နယ်ဘက်မှာလည်း ခလရ ၅၄၁ တပ်ရင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စက်တင်ဘာ ၂၇ ရက်နေ့မှာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့လို့ နေအိမ်တချို့ ထိခိုက်ပျက်စီးကာ အပြစ်မဲ့ပြည်သူ ၆ ယောက် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာ ၆ ရွာလောက်က ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော် (အေ‌ေအ) တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့အများအပြားမှာ စစ်ကောင်စီက ဧည့်စာရင်း စစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013