DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် ရခိုင်တွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉,၀၀၀ ခန့်ရှိလာဟု ကုလထုတ်ပြန်
DVB
·
September 28, 2022
တိုက်ပွဲများကြောင့် ရခိုင်တွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉,၀၀၀ ခန့်ရှိလာဟု ကုလထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လကစတင်ပြီး အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရသူ အရေအတွက်ဟာ ၉,၀၀၀ နီးပါးထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

လတ်တလော စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်လာပြီး မြို့နယ်အများအပြားမှာ လက်နက်ကြီးပစ်ခတ်မှုတွေ၊ အရပ်သားပိုင် အိုးအိမ်ပျက်စီးမှုတွေ၊ အသွားအလာ ကန့်သတ်မှုတွေနဲ့ ဖမ်းဆီးမှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်က လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်သည်ဝင်ရောက်မှုတွေကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း လူ ၃၀၀ လောက်ဟာ သူတို့နေထိုင်ရာ ကျေးရွာကနေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က မြို့နယ် ၆ မြို့နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်မှာ ညွှန်ကြားထားတယ်လို့ (UNOCHA) က ပြောထားပါတယ်။

နိုင်ငံတဝန်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် အကာအကွယ် ရရှိရေးကို ကြီးမားစွာ ခြိမ်းခြောက်နေဆဲဖြစ်ပါတယ်။

တိုးမြင့်လာတဲ့ စစ်ဆေးရေး ဂိတ်တွေနဲ့ လမ်းပိတ်ဆို့မှုတွေ အပါအဝင် လူအများ သွားလာမှုတွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတွေကို ထပ်တိုးကန့်သတ်တာတွေကြောင့် ပြည်နယ်တဝန်းရှိ ရွှေ့ပြောင်းအခြေချ ပြည်သူတွေနဲ့ ထိခိုက်ခံစားရသူတွေအတွက် လူမှုဘဝ အခက်အခဲတွေ ပိုမိုတိုးပွားလာနေတယ်လို့လည်း ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက အခြေအနေတွေဟာ ပိုမိုဆိုးရွားလာနေရာကနေ ထိတ်လန့်ကြောက်မက်ဖွယ် အခြေအနေ ဖြစ်နေပြီလို့ စက်တင်ဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာလည်း စက်တင်ဘာ ၂၂ ရက်ကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၃ ရွာက ပြည်သူ အယောက် ၄၀၀ လောက် အိုးအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာတော့ စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့က လူ ၅၅၀ လောက်ဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂစာရင်းတွေအရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစတင်ကာ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် မြန်မာနိုင်ငံတဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၉၈၉,၄၀၀ ဦး အပါအဝင် လူဦးရေ ၁ ဒသမ ၃ သန်းကျော်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ စက်တင်ဘာ ၁၉ ရက်နေ့အထိ နောက်ဆုံးစာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013