DVB Logo
Home
မြန်မာသတင်း
ဖြစ်သင့်ဖြစ်ထိုက်သည့် ဖက်ဒရယ်သာပေးမည်၊ ပြည်ပ ပရောဂကြောင့် EAO များ ဝိဝါဒကွဲနေဟု စစ်ခေါင်းဆောင် ပြစ်တင်ဝေဖန်
DVB
·
September 28, 2022
ဖြစ်သင့်ဖြစ်ထိုက်သည့် ဖက်ဒရယ်သာပေးမည်၊ ပြည်ပ ပရောဂကြောင့် EAO များ  ဝိဝါဒကွဲနေဟု စစ်ခေါင်းဆောင် ပြစ်တင်ဝေဖန်
Donate to DVB

ဖက်ဒရယ်အခွင့်အရေးတွေ ပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေကိုသာ ပေးအပ်မှာဖြစ်ကြောင်းနဲ့  ပြည်ပ ပရောဂတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ဝိဝါဒကွဲပြားနေကြတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ  ၂၇ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးအတွက် ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ လက်တွေ့နယ်ပယ်မှာ PDF တွေနဲ့ ဆက်နွှယ်တဲ့ EAO အဖွဲ့တွေနဲ့ ထိခိုက်မှုများ များပြားနေကြောင်း၊ အဆိုပါ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားတဲ့ ဒေသတွေထိခိုက်ဆုံးရှုံး ပိုမိုများပြားကြောင်း၊  ပြည်သူလူထု၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေ ထိခိုက်မှုရှိလာမယ်ဆိုပါက လက်တွေ့ကျတဲ့တုံ့ပြန်မှု ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ရေးဆောင်ရွက်နေပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက် နေခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်အခွင့်အရေးတွေပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေကိုသာ ပေးအပ်မှာဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ် ကျင့်သုံးတဲ့ တခြားနိုင်ငံတွေမှာလည်း အလားတူပဲလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၆ ရက်မနက်က  'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်  (NDAA) မိုင်းလားအဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင်တွေနဲ့  နေပြည်တော်မှာ ဒုတိယအကြိမ် တွေ့ဆုံပါတယ်။

ဒီတွေ့ဆုံပွဲမှာ   ‘ဝ’ ပြည်နယ်ထူထောင်ခွင့်နဲ့ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ စစ်ခေါင်းဆောင်က မူအားဖြင့် သဘောတူခဲ့သလို SSPP ကလည်း ဗမာပြည်နယ်ဖွဲ့စည်းရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ 

လက်ရှိငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ပထမအဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအဆင့် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို မျက်ကွယ်ပြုလို့မရကြောင်း၊ ပြည်ပ ပရောဂတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ဝိဝါဒကွဲပြားမှုများရှိကြောင်း၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်တွေ ပါဝင်ပြီး လွှတ်တော်လမ်းကြောင်းမှသာ ဆောင်ရွက်နိုင်မယ်လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုကျင်းပနိုင်ရေး ဆောင်ရွက်နေပြီး နောင်လာမယ့်လွှတ်တော်သက်တမ်းမှာ  နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သဘောတူညီချက်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သဘောတူညီချက်တွေကိုပေါင်းစပ်ကာ  လွှတ်တော်မှာ ဆွေးနွေးသွားမယ်လို့လည်း  စစ်ခေါင်းဆောင်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဧပြီလမှာ စတင်ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ပထမအကြိမ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ မေလကစတင် တဖွဲ့ချင်းတွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဩဂုတ်ကစတင်ပြီး ထပ်မံတွေ့ဆုံနေတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သွားရောက်တဲ့ အဖွဲ့အများစုဟာ  ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပါတယ်။

အခုလက်ရှိ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတဲ့ KNU၊ KIA ၊ KNPP ၊ CNF ၊ AA နဲ့ TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိတဲ့အတွက်  သွားရောက်ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013